MyCars Myanmar

Lotus Eletre SUV ကို တစ်ဆင့်နှိမ့်ထားဟန်ရှိလာမယ့် Envya Sedan ကားသစ်!

ဗြိတိန် နာမည်ကြီး ကားကုမ္ပဏီ တစ်ခုဖြစ်တဲ့ Lotus မှာတော့ အခုဆိုရင် Eletre ဆိုတဲ့ နာမည်နဲ့ SUV ကားကောင်းတစ်စီး ရှိထားပါပြီ။ အဆိုပါ SUV ကားအစား တံခါးလေးပေါက်ပါ အနိမ့်ပုံစံကို လိုချင်တယ် ဆိုရင်တော့ Sedan တစ်စီးကလည်း ဆက်လက် ထုတ်လုပ်လာဖို့ အဆင်သင့်ပါပဲ။ Type 133 လို့ နာမည်အစမ်းပေးထားတဲ့ Envya Lotus Sedan ကားသစ်ကတော့ လတ်တလောမှာ Prototype တွေ လမ်းပေါ် တက် စမ်းသပ်တဲ့ အဆင့်ထိ ရောက်နေခဲ့ပြီ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ကားသစ်ရဲ့ ဒီဂျစ်တယ် ပုံကြမ်းကိုပါ မြင်တွေ့လာရပြီဖြစ်ပြီး အသေးစိတ် ခန့်မှန်းကြည့်လို့ ရလာခဲ့ပါပြီ။

Photo Credit: motor 1.com

ပုံကြမ်းတွေ အရတော့ အခု ကားက Coupe ပုံစံလိုမျိုး အမိုးလိုင်းနဲ့ ကိုယ်ထည် ခပ်ပြားပြား ပုံစံဖြစ်လာ နိုင်ပါတယ်။ ပုံစံအရ အတော်လေး စတိုင်ကျတဲ့ ဒီဇိုင်းမျိုးဖြစ်ပြီး ဒီနေ့ခေတ်မှာ ပိုပိုများလာတဲ့ SUV တွေ အစား ရွေးချယ်စရာ ကောင်းတစ်ရပ် ဖြစ်လာဖို့ ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပုံအရတော့ နဂိုရှိထားပြီးသား Eletre SUV ဆီက အသွင် အတော်များများ ပြန်လည် ယူဆောင်ထားတယ် ဆိုပေမယ့်လည်း SUV ပုံပြောင်းကား တစ်စီးဆိုတာထက်တော့ ပိုလာ မှာ သေချာပါတယ်။ Lotus ဒီဇိုင်းပိုင်း ရဲ့ Senior VP ဖြစ်သူ Peter Horbury ကတော့ ကား တစ်စီးချင်းစီမှာ သူတို့ရဲ့ ကိုယ်ပိုင်ဟန်တွေ ရှိလိမ့်မယ်လို့ ဆိုထားတာ ကြောင့် တကယ်တမ်း ထွက်လာရင်တော့ Sedan ကားကလည်း သူ့ဟန် နဲ့သူတော့ ရှိလာနိုင်ပါတယ်။

Photo Credit: motor 1.com

ကားရဲ့ စက်ပိုင်းဆိုင်ရာ အရတော့ Eletre နဲ့ အတူတူလောက် ရှိနိုင်ပြီး လျှပ်စစ်မော်တာ ၂ လုံးတပ် All-Wheel Drive ဖြစ်လာနိုင်ပြီး စွမ်းဆောင်ရည်ပိုင်းကတော့ 600 hp လောက်အထိ ရှိလာနိုင်ပါတယ်။ ကား မှာတော့ 112 kWh ဘက်ထရီ ပါဝင်လာတာကြောင့် တစ်ခါ အားသွင်းထားရင် ၃၇၃ မိုင် လောက်အထိ မောင်းလို့ ရလာနိုင်ပါတယ်။ Eletre ကား တုန်းကလိုပဲ ဒီထက်ပိုစွမ်းဆောင်ရည် ကောင်းတဲ့ မျိုးကွဲလည်း ပါဝင်လာနိုင်ပြီး 905 hp လောက် အထိကို ရှိမယ့် ကား ကောင်းလည်း ဖြစ်လာနိုင်ပါတယ်။ Lotus Envya Sedan ကားကတော့ လာမယ့် ၂၀၂၅ လောက်မှသာ ပွဲထွက်လာ လိမ့်မယ်လို့ ယူဆရပြီး လာမယ့် ၂၀၂၄ နှောင်းပိုင်းလောက်မှသာ ပိုပြီး ရုပ်လုံးပေါ်လာ နိုင်တာကြောင့် အချိန်ယူ စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version