MyCars Myanmar

အနာဂတ် ဇိမ်ခံ လျှပ်စစ်ကားခေတ်ကို ကြိုမြင်ရစေမယ့် Lincoln Model L 100 Concept အသစ်!

အခုနှစ်ရဲ့ Pebble Beach Concours d’Elegance ဆိုတဲ့ နာမည်ကျော် ကားပြပွဲကြီးထဲမှာတော့ ထူးထူးခြားခြား ကားအသစ်တွေကြား အာရုံစိုက်စရာ ကောင်းလွန်းတဲ့ Concept ကား တစ်စီး ပါဝင်လာပါတယ်။ အဆိုပါ ကားကတော့ Lincoln ဆီကဖြစ်ပြီး L 100 လို့ အမည်ပေးထားတဲ့ အဆိုပါ Concept ကားဟာ ခပ်ရှည်ရှည် ၊ ခပ်နိမ့်နိမ့်ကိုမှ ပါးပါးလျလျ ကိုယ်ထည်အသွင်နဲ့ Lincoln ရဲ့ဇိမ်ခံပိုင်း ကောင်းမွန်မှု ဂုဏ်ပုဒ်ကို ခေတ်လွန်ဒီဇိုင်းနဲ့ ပေါင်းစပ် ဖော်ကျူးထားတာပဲ ဖြစ်ပါတယ်။ သေချာတာကတော့ အခုကားကို မြင်လိုက်ရတာနဲ့တင် လာမယ့် လျှပ်စစ်ကား ခေတ်သစ်မှာ ဇိမ်ခံကားတွေရဲ့ အနေအထားက ဘယ်လိုရှိမလဲ ဆိုတာကို တစ်ပါတည်း မီးမောင်းထိုးပြသွား လိုက်သလိုပါပဲ။ အခု L 100 Concept ကားကို ဖန်တီးရာမှာတော့ ယခင်ခေတ်ရဲ့ 1922 Model L ကားကို အများကြီး နမူနာ ပြန်ယူထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လို ကြည့်ကြည့် အဆိုပါ ကားနှစ်စီးအကြား တူညီမှု ကရှားပြီး ထိုင်ခုံ ၂ တန်း ပါတာနဲ့ Wheelbase ရှည်တာ လောက်ကိုပဲ တူတယ် ပြောရမလိုပါပဲ။ လျှပ်စစ် ကားတစ်စီး ဖြစ်လာတာကြောင့် Concept ကားမှာ ပိုပြီး လျှောစောက်ပုံစံ ကိုယ်ထည်ကို သုံးထားတာဖြစ်ပြီး လေခွင်းအား ကောင်းကောင်းနဲ့ ထိုးဖောက် မောင်းနှင်နိုင်တဲ့ ပုံစံဖြစ်လို့နေတာပါ။

Photo Credit: motor 1.com

ကားကတော့ သာမန် ဒီဇိုင်း ထူးခြားတယ်ဆိုတဲ့ အဆင့်လောက်မှာတင် မဟုတ်ပဲ အတော်လေးတော့ လှပတဲ့ ဖက်ရှင် အသွင် တွေနဲ့လည်း ပွဲထွက်လာတာပါ။ တံခါး ၂ ပေါက် ကလည်း အနောက်ဘက်ကိုပြောင်းပြန် ဖွင့်ရတဲ့ ပုံမျိုးဖြစ်ပြီး တံခါး ဆိုပေမယ့် အရှေ့ဘက် Fenders ကနေ အနောက်ဘက် အထိ အပြည့်ဖြစ်တဲ့ ဒီဇိုင်း အရှည်ကြီးတွေ ဖြစ်ပါတယ်။ ထူးခြားတာ ကတော့ ကားအမိုးကလည်း အပေါ်ကို လုံးဝကို ဖွင့်ချလိုက် လို့ ရတာဖြစ်ပြီး ဒီအတိုင်းလည်း အလွယ်တကူအဝင်အထွက် လုပ်နိုင်ပါသေးတယ်။ တကယ်သာ အခုပြထားတဲ့ စွမ်းဆောင်ချက်တွေ အတိုင်း လုပ်ပြနိုင်ခဲ့မယ် ဆိုရင် အခု Concept ကတကယ်ကို မိုက်တဲ့ ခေတ်လွန် ကားတစ်စီးဆိုတာ သေချာပါတယ်။ ဒါတင်မကသေးပဲ ကားအတွင်းကို ဝင်လိုက်တာနဲ့တင် ပါးစပ်အဟောင်းသားဖြစ်သွားစေမှာ တစ်ခု ရှိပါသေးတယ်။ အဲ့ဒါကတော့ ကားကို ထိန်းချုပ်မောင်းနှင်ဖို့ ဘာကိရိယာမှ ပါဝင်လာခြင်း မရှိတာပါ။ အခုကားကို Lincoln တို့က လုံးဝ အပြည့်အဝ မောင်းသူမဲ့ ဖြစ်ဖို့ ရည်မှန်းထားပြီး အတွင်းခန်းကိုလည်း ခရီးသည်တွေ လိုသလို ဇိမ်ခံ အရသာအနေနဲ့ ပြောင်းလဲ ထိုင်‌နိုင်အောင် စီစဉ်ပေး လိုက်တာ ဖြစ်ပါတယ်။ ‌ဒါကြောင့်အနောက်တန်းက ခရီးသည်တွေ ကလည်း အရှေ့ကို အလွယ်တကူ ရွှေ့နိုင်သလို အရှေ့က ခရီးသည်တွေ ကလည်း အနောက်ကို အလွယ်တကူလှည့်လို့ ရပါသေးတယ်။ ကားရဲ့ Center Console မှာတော့ Interactive Screen တစ်ခု ပါဝင်လာပြီး အခြားတစ်ခု အနေနဲ့ မြင်နိုင်တာဆို‌လို့ Chessboard ပါလာတာပဲ တွေ့ရမှာပါ။ ဒါပေမယ့် အဆိုပါ Screen ကပဲ ဒီကားရဲ့ တစ်ခုတည်းသော ဒီဂျစ်တယ် နည်းပညာ သုံးမဟုတ်သေးပါဘူး ၊ ကားရဲ့ ကြမ်းခင်းကြီးကပါ Digital Screen ဖြစ်နေတယ် ဆိုရင်တော့ အတော် အံ့အားသင့်သွားရပါလိမ့်မယ်။ အဆိုပါ Screen ကြီးနဲ့အတူ ကားတစ်စီးလုံး အတွင်းခန်း ရဲ့ မီးအလင်းရောင် စနစ်တွေ ပါ ပေါင်းလိုက်ရင်တော့ ဇိမ်ခံအရသာနဲ့ လိုက်ဖက်လွန်းတဲ့ ရှုခင်းပသာဒ တွေကို သူမတူတဲ့ အတွေ့အကြုံအနေနဲ့ ခံစားရတော့မှာဖြစ်ပါတယ်။

Photo Credit: motor 1.com

အခု ကားကတော့ ဒီဇိုင်းပိုင်းကိုသာ ဦးစားပေးဖန်တီးထားတဲ့ Concept သီးသန့်ဖြစ်တာကြောင့် ကားရဲ့ Range တို့ ၊မြန်နှုန်းတို့နဲ့ အခြားသော စွမ်းဆောင်ရည်ပိုင်းအချက်အလက်တွေတော့ ဘာတစ်ခုမှ မရှိသေးပါဘူး။ မနှစ် တုန်းက ထွက်ခဲ့ဖူးတဲ့ ကုမ္ပဏီ နှစ်ပတ်လည် သီးသန့် Concept လိုမျိုးပဲ အခု Concept ကလည်း ဒီဇိုင်း အတွက်ပါပဲ။ သေချာတာကတော့ အခု Concept ထဲ မြင်ရတဲ့ တစ်ချို့သော နည်းပညာပိုင်းတွေဟာ ဆိုရင် လတ်တလော နည်းပညာတွေ အရ ထုတ်လုပ်ဖို့တောင် ဘယ်နည်းနဲ့မှ မဖြစ်နိုင်သေးတာပါ။ Lincoln Motor Company ရဲ့ ဥက္ကဌ ဖြစ်သူ Joy Falotico ကတော့ အခုအခါ ကာလဟာ သူတို့ကုမ္ပဏီ အတွက် တကယ့်သမိုင်းဝင် ကာလကို ရောက်နေတာ ဖြစ်တယ်လို့ ဆိုထားပြီး ပြီးခဲ့တဲ့ နှစ်ပေါင်း ၁၀၀ အတွင်း Lincoln က အမျိုးမျိုး သော တီထွင်ဆန်းသစ် မှုတွေနဲ့ ဒီဇိုင်း ကန့်သတ်ချက်တွေကို ကျော်ဖြတ် ဖန်တီးနိုင်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။ အခု မြင်ရတဲ့ Model L 100 Concept နဲ့ အတူလာမယ့် အနာဂတ် Lincoln ရဲ့ ဇိမ်ခံအရသာ လျှပ်စစ် ကားတွေရဲ့အခန်း ကဏ္ဍတွေ ဘယ်လို ရှိလာမလဲ ဆိုတာ လှစ်ဟပြ လိုက် နိုင်တာပဲ ဖြစ်တယ်လို့ Joy Falotico ကတော့ ပြောဆိုထားပြီ ဖြစ်လို့ အခု Concept ဘယ်လောက် အဆင့်အထိ ရောက်လာမလဲ စောင့်ကြည့်ရတော့မှာပါ။

Ref: motor 1.com

Exit mobile version