MyCars Myanmar

တစ်ပတ်ကို တစ်စီးနှုန်းနဲ့ စတင် ထုတ်လုပ်နေပြီဖြစ်တဲ့ ဆိုလာလျှပ်စစ်ကား Lightyear 0!

နယ်သာလန် အခြေစိုက် ဆိုလာလျှပ်စစ် ကားကုမ္ပဏီသစ် Lightyear ကတော့ သူတို့ရဲ့ ပထမဆုံး ဆိုလာကားကို စတင် ထုတ်လုပ်ကြောင်း တရားဝင် ကြေညာအပြီးမှာတင်ပဲ တစ်ပတ်ကို တစ်စီးနှုန်းနဲ့ ဖင်လန် နိုင်ငံ ၊ Uusikaupunki ဒေသမှာရှိတဲ့ Valmet ကားစက်ရုံမှာ စတင်ထုတ်လုပ်နေပြီ ဖြစ်ပါတယ်။ ပထမဆုံး ခြေလှမ်း ကတော့ သမိုင်းဝင် ခြေလှမ်းအဖြစ် စတင်ထုတ်လုပ်နေတာဖြစ်ပြီး လာမယ့် ၂၀၂၃ ရဲ့ ပထမ ၃ လပတ် ကာလ လောက် အတွင်းမှာတော့ အခုထက်ပိုပြီး တိုးမြှင့်ထုတ်လုပ်သွားနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ Lightyear အနေနဲ့ ကားလောကထဲမှာ နေရောင်ခြည် စွမ်းအင်ကို တိုက်ရိုက်ယူသုံးပြီး မောင်းနှင်နိုင်တဲ့ ပထမဆုံးသော ဆိုလာ လျှပ်စစ်ကား အဖြစ်လည်း မှတ်တမ်းဝင်ထားခဲ့ပြီးဖြစ်ကာ ကိုယ်ပိုင်နည်းပညာနဲ့ အခုလို ထုတ်လုပ်လာဖို့ကိုလည်း ၆ နှစ်လောက်ကို အချိန်ယူခဲ့ရတာပါ။

Photo Credit: InsideEvs

အခုလိုမျိုး ၆ နှစ်ကြာလောက် ကြိုးစားခဲ့ရအပြီးမှာတော့ အခုချိန်မှာ အလုပ်သမားပေါင်း ၅၀၀ ကျော်အပြင် Valmet Automotive ၊ Bridgestone နဲ့ Koenigsegg စတဲ့ ယုံကြည်ရတဲ့ တွဲဖက်ကုမ္ပဏီတွေနဲ့ အတူ ကောင်းကောင်းလည်ပတ်နေနိုင်ပြီ ဖြစ်ပါတယ်။ အခု ကားကတော့ Lightyear 0 လို့ အမည်ပေးထားတဲ့ အတိုင်းပဲ ကားလောက တစ်ခုလုံးကို ပြောင်းလဲပေးလာနိုင်မယ့် ပထမဆုံးသော ကားသစ်ခြေလှမ်း သစ်ပါပဲ။ လာမယ့် ၂၀၂၅ အရောက်မှာ အခုထက် ပိုသေးတဲ့ ဘက်ထရီနဲ့အတူ ပိုဈေးသက်သာတဲ့ လျှပ်စစ်ကားတစ်မျိုးကို ထုတ်ပေးလာမှာ ဖြစ်ပြီး အဆိုပါ ကားမှာတော့ 60 kWh ဘက်ထရီ ပမာဏလောက်ပဲ ပါလာနိုင်ပါတယ်။ အခု လောလောဆယ် ပထမဆုံး ကားကိုတော့ ပိုပြီး ရေရှည်အသုံးပြုမောင်းနှင်မှု ကောင်းကောင်းရစေဖို့ အတွက်ရည်ရွယ် ဖန်တီးထားတာ ဖြစ်ပါတယ်။ ကုမ္ပဏီအနေနဲ့ Valmet Automotive နဲ့ ပူးပေါင်းထားရာမှာတော့ Fisker ကားကုမ္ပဏီလိုမျိုးပဲ ကားသစ်တွေ ထုတ်ပေးဖို့ အဓိကလုပ်ဆောင်ထားတာ ဖြစ်ကာ အဆိုပါ ကုမ္ပဏီကလည်း လျှပ်စစ်ကား ထုတ်လုပ်မှု သက်တမ်း ၁၀ နှစ် ကျော်၊သာမန် ကားတွေထုတ်လုပ်မှု သက်တမ်း နှစ် ၅၀ ကျော်နဲ့ ယုံကြည်စိတ်ချရတာ ကြောင့်လည်းဖြစ်ပြန်ပါတယ်။

ယခင်တုန်းကတော့ Lightyear One လို့ အမည်ပေးခဲ့ဖူးတဲ့ အခုကားသစ်ကတော့ ဈေးနှုန်းအနေနဲ့ $ 264,000 ကျသင့်မှာဖြစ်ပြီး အီးယူနိုင်ငံတွေ ၊ ဆွစ်ဇာလန် ၊ နော်ဝေး နဲ့ ယူကေဈေးကွက်ထဲမှာ စတင်ရောင်းချ မှာ ဖြစ်ကာ ဥရောပ ဈေးကွက် အပြင်ဘက် ရောင်းချမယ့် အစီအစဉ်ကိုတော့ အတည်ပြုဖို့ စောင့်ဆိုင်းရပါဦးမယ်။ Lightyear 0 ကားသစ် အနေနဲ့ WLTP Range အရ တစ်ခါအားပြည့်နေရင် ၃၈၈ မိုင် အထိကို မောင်းလို့ရမှာ ဖြစ်ပြီးအမိုးပေါ်ကစတုရန်းမီတာ ၅ မီတာ  ရှိတဲ့ ဆိုလာပြားတွေကြောင့် အရေးပေါ် လိုအပ်လာရင်တောင် ၄၄ မိုင်ခရီးတစ်ခုစာအတွက် ပြန်ဖြည့်ပေးနိုင် ဦးမှာပါ။ မိုးအုံ့ပြီး နေရောင် ကောင်းကောင်း မရနိုင်တဲ့ ရာသီဥတုနဲ့ ဆိုရင် ၂၂ မိုင် ခရီးတစ်ခုစာလောက်ပဲ ရနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကားကတော့ အတော်လေးကို စွမ်းအင် ချွေတာနိုင်တဲ့ ကား တစ်စီးလည်းဖြစ်ပြီး ခရီး စဉ် ၁၀၀ ကီလိုမီတာ ပမာဏ လောက် မောင်းရင်ကို စွမ်းအင် 10.5 kWh လောက်ကိုပဲ အသုံးပြုတဲ့ ကားကောင်းတစ်စီးပဲ ဖြစ်ပါတယ်။

Ref: InsideEvs

Exit mobile version