MyCars Myanmar

Lamborghini Aventador နေရာ အစားထိုးလာမယ့် ကားသစ်ရဲ့ ခန့်မှန်းပုံရိပ်များ ထွက်ပေါ်လာ!

Lamborghini Aventador ကားကို ဆက်ခံမယ့် မျိုးဆက်သစ် ကားက မကြာမီမှာပဲ ထွက်ပေါ်လာဖို့ ရှိနေပါပြီ။ အခု ဆိုရင်တော့ အဆိုပါ V 12 အင်ဂျင်ကြီးနဲ့ ကားသစ် ပုံရိပ်တွေကို ခန့်မှန်းထားတဲ့ ဒီဇိုင်း ပုံကြမ်းတွေကိုလည်း မြင်တွေ့ လာရပြီ ဖြစ်ပါတယ်။ ကား အတွက် မူပိုင်ခွင့် တင်ထားတဲ့ အဖြူအမဲ ပုံကြမ်းတွေမှာ ကတည်းကိုက ကားသစ်ဟာ အတော်လေး ခပ်မိုက်မိုက် ခပ်ကြမ်းကြမ်း အသွင်အပြင်မျိုးနဲ့ ရောက်လာလိမ့်မယ် ဆိုတာ သိသာနေပြီးသား ဖြစ်ပါတယ်။ ဒီဂျစ်တယ်ပုံကြမ်းတွေ ရေးဆွဲနေကြဖြစ်တဲ့ Kolesa ကတော့ အခုကားသစ်ပုံရိပ်ကို အရောင် အပြည့်အစုံနဲ့ လှလှပပ ဖန်တီးပေးလာခဲ့ပြီဖြစ်ပြီး လပိုင်းလောက် အတွင်းမှာ မြင်ရတော့မယ့် ကားအတွက်တော့ အနီးစပ် ဆုံး ခန့်မှန်းပုံကြမ်းတွေလို့ပဲ ဆိုရမှာပါ။ ပုံတွေ အရတော့ ယခင်တုန်းက ကားကို စမ်းသပ်နေစဉ် မြင်ခဲ့ကြရတဲ့ Spy Photos တွေထဲက ပုံရိပ်တွေနဲ့လည်း တော်တော်လေး ဆင်တူမှု ရှိနေပါတယ်။Lamborghini ရဲ့ CEO ဖြစ်သူ Stephan Winkelmann ရဲ့ ပြောကြားချက် အရတော့ အဆိုပါ ကားသစ်ကို လာမယ့် မတ်လ မှာတင် ချပြလာ တော့မှာပါ။ ဒီဇိုင်း ပိုင်းတွေကိုလည်း World Intellectual Property Organization (WIPO) အဖွဲ့မှာ Automobili Lamborghini S.P.A တစ် နာမည်နဲ့ တရားဝင် မူပိုင်ခွင့်တင်ထားပြီးဖြစ်ပါတယ်။ အခု ပုံကြမ်း အရတော့ အရှေ့ပိုင်း ပုံစံက အတော်လေး Aggressive ဖြစ်တဲ့ အသွင် ပေါက်နေပြီး ဟိုးယခင်က Sian FKP 37 လို ကားမျိုးကိုတောင် ပြန်လည် အမှတ်ရမိစေပါလိမ့်မယ်။ ဒါ့အပြင် ကားအနောက်ဘက်မှာလည်း အတော် လေးကြီးမားတဲ့ Diffuser ပါဝင်လာမှာ ဖြစ်ပြီး လက်ရှိ ကားကိုယ်ထည် အချိုးအစားနဲ့ ယှဉ်မယ် ဆိုရင်တော့ မြင်ဖူး သမျှ တော်တော်လေးကို အကြီးမားဆုံး ဖြစ်လာဖို့ ရှိနေပါတယ်။


Photo Credit: motor 1.com

ကားရဲ့ ရှေ့မီးနောက်မီး ဒီဇိုင်းတွေကတော့ Y ပုံစံ ဒီဇိုင်းမျိုးတွေ ဖြစ်လာနိုင်ပြီး အင်ဂျင်ပိုင်း အတွက်လည်း လေဝင်ပေါက် Air Intake အကြီးကြီးတွေ သုံးလာဖို့ ရှိပါတယ်။ အခုချိန်အထိ သေသေချာချာ မမြင်နိုင်သေးတာ ကတော့ ကားရဲ့ အတွင်းပိုင်းဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာ လလောက်တုန်းက မြင်ခဲ့ရတဲ့ Spy Shots တွေအရ ဆိုရင်တော့ City Driving Mode နဲ့ မောင်းနေတဲ့ အတွင်းခန်းကို အနည်းငယ် မြင်လိုက်ရမှာဖြစ်ပြီး Center Console မှာလည်း Screen ၂ ခုတွဲ ပါဝင်လာပါတယ်။ အင်ဂျင် ပိုင်းအရ ဆိုရင်တော့ V 12 အင်ဂျင်အသစ်နဲ့ ပွဲထွက် လာမှာ ဖြစ်ပြီး Plug-In Hybrid အမျိုးအစား ကိုလည်း တွဲပြီး မြင်လာရဖို့ ရှိနေပါတယ်။ Lamborghini အနေနဲ့ သူတို့ရဲ့ အခြားသော ကားမော်ဒယ်တွေကို လျှပ်စစ်ကားအဖြစ် အသွင်ပြောင်းလာဖို့ ကြိုးစားနေပြီ ဖြစ်ပြီး Huracan မျိုးဆက်သစ်နဲ့ Urus ကားသစ်တွေကိုလည်း လျှပ်စစ်ပြောင်းလာတာကို မြင်ရတော့မှာပါ။ ဒါပေမယ့် အဆိုပါ လျှပ်စစ်သီးသန့်နဲ့ Lamborghini ကားတွေကိုတော့ ၂၀၃၀ နီးပါးလောက် ရောက်မှသာ မြင်ရနိုင်တာကြောင့် စောင့်ဆိုင်းရဦးမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

(2) Rolls-Royce ကားတွေဈေးကြီးနေရခြင်းအကြောင်းရင်းများ – YouTube

Exit mobile version