MyCars Myanmar

စတင် ပွဲထွက်လာပြီဖြစ်တဲ့ Jeep ရဲ့ ပထမဆုံး လျှပ်စစ်ကား Avenger!

Jeep ရဲ့ ပထမဆုံး လျှပ်စစ်ကားသစ် Avenger ကိုတော့ ကျင်းပလျက်ရှိတဲ့ ၂၀၂၂ ပဲရစ် ကားပြပွဲကြီးမှာ တရားဝင် မိတ်ဆက် လိုက်ပါပြီ။ Avenger ကားကတော့ ဥရောပ ဈေးကွက်ကို အဓိကထား ထုတ်လုပ်ထားတဲ့ Subcompact Crossover  အမျိုးအစား ဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကမှ ပိုကြီးတဲ့ Recon နဲ့ Wagoneer S Electric SUV တွေနဲ့အတူ အနည်းငယ် ချပြလာခဲ့တာပါ။ အဆိုပါ ကား ၂ စီးကလည်း လာမယ့် ၂၀၂၄ မှာ စတင်ရောင်းချမှာ ဖြစ်ပါတယ်။ အခု မိတ်ဆက်လိုက်တဲ့ Avenger လျှပ်စစ်ကားသစ်တွေကိုတော့ လာမယ့်နှစ် အစောပိုင်းမှာပဲ ဥရောပ ဈေးကွက်မှာစတင် ရောင်းချမှာဖြစ်ပြီး ၁၆၀.၆ လက်မ အရှည်ရှိ တာကြောင့် Jeep Renegade ကားထက် ၆ လက်မ လောက် ပိုတိုတဲ့ ကားဖြစ်လာမှာပါ။

Photo Credit: MotorAuthority

ကားသစ်ကိုတော့ မူလ ကုမ္ပဏီ Stellantis ရဲ့ CMP Modular Platform ပေါ်မှာပဲ အခြေခံ ထုတ်လုပ်ထားပြီး အခု ကား က လျှပ်စစ်ကားဖြစ်ပေမယ့် တစ်ချို့သော ဈေးကွက်တွေထဲမှာတော့ ဂတ်စ်ကားမျိုးကွဲ အနေ နဲ့ ထုတ်လုပ်ပေးလာ ဦးမယ်လို့ Jeep က အတည်ပြုပေးထားပါတယ်။ အဆိုပါ Platform ကိုတော့ DS 3 Crossback နဲ့ Opel Mokka လျှပ်စစ်ကားတွေမှာလည်း အသုံးပြုထားပါတယ်။ ဒါပေမယ့် အခု Avenger အသစ်မှာတော့ 400-V Electrical Architecture အသစ်ကို လျှပ်စစ်မော်တာ တစ်လုံးနဲ့ တွဲဖက်ပြီး Front-Wheel Drive အဖြစ် သီးသန့် ထုတ်လုပ်လာ ခဲ့တာပါ။ ကားရဲ့ မော်တာကနေ 156 hp အထိ အမြင့်ဆုံး စွမ်းဆောင်ပေးနိုင်ပြီး 54-kWh Battery ကြောင့် တစ်ခါ အားသွင်းထားရင် မိုင် ၂၀၀ အထိ မောင်းနိုင်မှာ ဖြစ်ပါတယ်။ ဘက်ထရီ အားသွင်းရာမှာလည်း DC Fast Charger နဲ့ ဆိုရင် ၂၀% ကနေ ၈၀% အထိကို ၂၄ မိနစ်အတွင်း အားပြည့်ဦးမှာပါ။

Photo Credit: MotorAuthority

Front-Wheel Drive အမျိုးအစား တစ်မျိုးတည်း ရပေမယ့်လည်း လမ်းကြမ်း မောင်းကားတွေရဲ့ Overhang အတိုတွေ ၊ ၈ လက်မ အထိ ရှိတဲ့ ကားကိုယ်ထည် အမြင့်ပုံစံတွေအပြင် တောင်တက် Control စနစ်၊ လမ်းမချောစေတဲ့ Selec-Terrain စနစ်တွေက အစထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ Jeep ရဲ့ Entry-Level ကား တစ်စီး ဖြစ်ပေမယ့်လည်း အထင်ကြီးလောက်စရာ အချက်အလက်တစ်ချို့ ပါဝင်လာခဲ့ပြီး ၇ လက်မ ဒါမှမဟုတ် ၁၃ လက်မအရွယ် Digital Cluster နဲ့ ၁၀.၃ လက်မ အရွယ် Infotainment Screen တို့ကပါ Android Auto နဲ့ Apple CarPlay စနစ်တို့နဲ့ တွဲဖက် လာပါတယ်။ ဒါ့အပြင် လမ်းညွှန်စနစ် ၊ အသံနဲ့ ခိုင်းစေနိုင်မယ့် လုပ်ဆောင်ချက် ၊ OTA Update တွေ စသဖြင့်လည်း စုံစုံလင်လင် ရှိလှပါတယ်။ ယာဉ်မောင်းအကူ စနစ်တွေထဲမှာ ဆိုရင်လည်း အရေးပေါ်ဘရိတ် ၊ လမ်းညွှန် ဆိုင်းဘုတ် တွေကို သိနိုင်တဲ့စနစ်နဲ့ Adaptive Cruise Control ၊ Active Lane Control တို့လို လမ်းကြောင်း တစ်ခုထဲမှာ ကားကို ထိန်းပေးထားနိုင်မယ့် လုပ်ဆောင်ချက်တွေလည်း ပါဝင်လာသေးတာ ဖြစ်ပါတယ်။ ကားသစ်တွေကိုတော့ ပိုလန် နိုင်ငံ ၊ Tychy မှာရှိတဲ့ Stellantis ပိုင် စက်ရုံကြီးမှာ တပ်ဆင်ထုတ်လုပ်သွားမှာဖြစ်ပြီး အလားတူ Alfa Romeo ရဲ့ Brennero ကားနဲ့ Redesigned Fiat 500X ကားသစ်တွေကို လာမယ့် နှစ်တွေမှာ အခုစက်ရုံကြီးမှာပဲ ထုတ်လုပ်လာဖို့ ရှိနေပြီပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

Exit mobile version