MyCars Myanmar

ကျည်ဆံဒဏ်ခံ Jaguar I-Pace ကားကို ပြသခဲ့တဲ့ Armormax!

တောင်အာဖရိကရဲ့ Tuning Firm တစ်ခုဖြစ်တဲ့ Armormax ကတော့ ကျည်ဆံဒဏ်ကိုပါ ကာကွယ်ပေးနိုင်တဲ့ Jaguar I-Pace ကားသစ်တစ်စီးကို ဖန်တီး ချပြလာခဲ့ပါတယ်။ အဆိုပါ ကားအတွက် အဆင့်မြင့် ကျည်ဒဏ်ခံ မှန်တွေ၊ တန်ပြန်ကာကွယ်ဖို့ လက်နက်အသေးစားတွေကိုပါ ထည့်သွင်းဖန်တီး ပေးထားတာ တွေ့ရမှာပါ။ အခုလိုမျိုး အမျိုးစုံတဲ့ ကာကွယ်ရေး ပစ္စည်းတွေ ပါလာခဲ့ပေမယ့်လည်း ပုံမှန်ကားထက်တော့ ပေါင် ၄၄၀ လောက်ပဲ ပိုလေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါတင်မကပဲ ကားကတော့ .44 Caliber သေနတ် ပစ်ခတ်မှုအား အထိကိုခံနိုင်တဲ့ အဆင့်ဖြစ်တဲ့ B4 Ballistic Protection Rating ကိုပါ ရရှိထားတာပါ။

Photo Credit: InsideEvs

စိတ်ဝင်စားဖို့ ကောင်းတာကတော့ အခုလိုမျိုး ပြန်လည် ပြင်ဆင်ထားတဲ့ I-Pace ကားအနေနဲ့ Jaguar ရဲ့ မူလ အာမခံ မကျိုးပျက်ပဲ ဆက်လက် အကျုံးဝင်နေသေးတာ ဖြစ်ပါတယ်။ အဓိက ကတော့ အခုကား ဖန်တီး မှုမှာ Jaguar ဘက်ကပါ စက်ပိုင်းဆိုင်ရာတွေ အတွက် ပူးပေါင်းအားဖြည့်ပေးခဲ့သေးတာ ဖြစ်လို့ပါပဲ။ ဒါပေမယ့် အဆိုပါ ကားကို ဖန်တီးထားတဲ့ တောင်အာဖရိက ကားဈေးကွက်အပြင်မှာ ရနိုင်မရနိုင် ဆိုတာကတော့ မသေချာ သေးတာကြောင့် စောင့်ကြည့်ရဦးမှာပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကားအတွက် တောင်းထားတဲ့ ဈေးကို ပေးနိုင်မယ် ဆိုရင်တော့ အခုလို သီးသန့်ကားမျိုးတွေဟာ ဘယ်ဈေးကွက်ကမဆို ဝယ်လို့ ရကောင်း ရနိုင်ပါတယ်။

Photo Credit: InsideEvs

Armormax ကတော့ အခုကားအတွက် ဈေးနှုန်းအတိအကျကို ထုတ်ဖော် သတ်မှတ်ထားခြင်း မရှိသေးပါဘူး။ အဓိက ကတော့ အခုကားမှာ တပ်ဆင်မယ့် လက်နက်တွေ ၊ အခြားသော အသုံးအဆောင် တွေရဲ့ ရွေးချယ်မှု ပိုင်း ဈေးနှုန်းတွေပေါ် မူတည်ကာ ကွာခြားနိုင်လို့ပါပဲ။ တစ်ချို့သော Gadget တွေထဲမှာဆိုရင် မီးခိုး ဒဏ်ခံ နိုင်တဲ့ Screen တွေ ၊ လျှပ်စစ် ရှော့လွှတ်လိုက်နိုင်တဲ့ ကားတံခါး လက်ကိုင်တွေ စသဖြင့်ကို ပါဝင်တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီ ရဲ့ Website မှာတော့ အမြင့်ဆုံး ကုန်ကျစရိတ်ဟာ $ 30 လောက်ကနေ 90 k အထက် လောက်အထိ ရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းဖော်ပြထားတာ တွေ့ရပါသေးတယ်။ ပုံမှန် Jaguar I-Pace ကားကတော့ အခုဆိုရင် အမေရိက ဈေးကွက်ကြီးထဲမှာတောင် ၅ နှစ်မြောက် အထိ ထုတ်လုပ်နေပြီ ဖြစ်ပေမယ့် ရောင်းအားကတော့ ယခင်ထက်စာရင် ဆက်လက် ကျဆင်းလာနေပါတယ်။ လက်ရှိ ဈေးနှုန်း ကတော့ ဘက်ထရီ တစ်လုံးတည်းနဲ့ဆိုရင် $ 71,300 ကနေ စတင်ကျသင့်မှာဖြစ်ပြီး 90 kWh ဘက်ထရီ ဖြစ်ကာ တစ်ခါအားသွင်းထားရင်လည်း ၂၄၆ မိုင် အထိကို မောင်းနှင်နိုင်တဲ့ ကားကောင်းတစ်စီး ဖြစ်နေဆဲပါ။

Ref: InsideEvs

Exit mobile version