MyCars Myanmar

၂၀၂၃ မှာ စတင်မြင်တွေ့ လာရတော့မယ့် Hyundai ရဲ့ ဟိုက်ဒရိုဂျင် လျှပ်စစ်ကုန်တင်ကားသစ်!

Toyota ၊ General Motors နဲ့ Daimler Trucks တို့က သူတို့ရဲ့ ကိုယ်ပိုင် ဟိုက်ဒရိုဂျင် စွမ်းအင်သုံး Semi-Trailer Truck ကားတွေကို ထုတ်လုပ်ဖို့ အတွက် စီစဉ်နေကြတဲ့ အချိန်မှာ တောင်ကိုရီးယား ကားကုမ္ပဏီ ကြီး Hyundai ကလည်း ထုတ်လုပ်ဖို့ အဆင်သင့် ကုန်တင်ကား တစ်စီးရှိလို့နေပါပြီ။ အဆိုပါ ကားကိုတော့ Xcient Fuel Cell ကားလို့ အမည် ပေးထားပြီး ၂၀၂၀ ကတည်းက စတင်မိတ်ဆက်ခဲ့ဖူးတာ ဖြစ်ပါတယ်။ ကားအစီးရေ စုစုပေါင်း ၄၆ စီး နဲ့ ပထမ အသုတ် စမ်းသပ်မောင်းနှင်မှုတွေကိုတော့ ဆွစ်ဇာလန်နိုင်ငံမှာ ပြည်တွင်း ဟိုက်ဒရိုဂျင် ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်ပြီး မနှစ် ကတည်းက စတင် ပြုလုပ်နေခဲ့ပြီ ဖြစ်ပါတယ်။ အခု ဆိုရင်တော့ အဆိုပါ ကုန်တင် ကားသစ်နဲ့ ပတ်သက် တဲ့ အချက် အလက် တစ်ချို့ ကို ပြီးခဲ့တဲ့ တနင်္လာ နေ့ တုန်းက ကုမ္ပဏီဘက်ကနေ ချပြလာခဲ့ပြီး နောက်ထပ် စတင် စမ်းသပ်မယ့် နေရာတွေအဖြစ် အမေရိက ၊ ဥရောပရဲ့ အခြားနိုင်ငံတွေနဲ့အတူ တရုတ်ဈေးကွက် တွေလည်း ပါဝင်လာပြီ ဖြစ်ပါတယ်။

Photo Credit: MotorAuthority

မြောက်အမေရိကဒေသ ဆီကိုတော့ အဆိုပါ ဟိုက်ဒရိုဂျင်သုံး ကုန်တင်ကားကြီးက ၂၀၂၃ မှာ စတင် ရောက် လာတော့မှာဖြစ်ကာ ဒါဟာ မူလစီစဉ်ထားတာထက် ၂ နှစ် လောက်တောင် နောက်ကျသွားခဲ့တာပါ။ အဆိုပါ စမ်းသပ်မှုတွေကို တော့ NorCAL ZERO Project လို့ အမည်ပေးထားပြီး  Class 8 အဆင့်ရှိ စုစုပေါင်း ကုန်တင်ကားကြီး ၃၀ စီးနဲ့ ပြုလုပ် သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကယ်လီဖိုးနီးယား ဒေသမှာ ရှိတဲ့ Port Of Oakland မှာ စမ်းသပ်မှာပဲ ဖြစ်ပါတယ်။ အဆိုပါ ကုန်တင်ကားသစ်ကြီး ကတော့ ယခင်တုန်းက ဒီဇယ် အင်ဂျင်ကား ကြီးဆီက နေဆင်းသက် ဖန်တီးထားတာ ဖြစ်ပြီး အခုကားမှာတော့ Fuel Cell နဲ့ ဘက်ထရီတို့ ပါဝင်တဲ့ လျှပ်စစ် မော်တာတစ်လုံးပဲ ထည့်ထားသေးတာပါ။ စွမ်းဆောင်ရည်ပိုင်း ကတော့ 469 hp နဲ့ 1,650 lb-ft Torque အထိ ရှိတာဖြစ်ပြီး Fuel Cell တွေဆီကနေ အဓိက စွမ်းဆောင်ရည်ကို ယူထား တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကုန်တွေ အရမ်းတင်ပြီး ရုန်းရတဲ့အခါမျိုးမှာဆိုရင်တော့ လျှပ်စစ်မော်တာ ဆီကလည်း စွမ်းအင်ထုတ်ယူ သုံးစွဲ ပါသေးတယ်။ ကားရဲ့ ဘက်ထရီကတော့ 73 kWh ရှိပြီး ကားကို အရှိန် ခပ်ပြင်းပြင်း မြှင့်ရတာမျိုးတွေနဲ့ မတ်စောက်တဲ့လမ်းတွေတက်ရတာမျိုးမှသာ အဆိုပါဘက်ထရီ ကိုအသုံးပြု တာလည်း ဖြစ်ပါတယ်။ အခု နောက်ဆုံး ထုတ်လုပ်ထားတဲ့ အဆိုပါ ကုန်တင်ကားမှာတော့ မျက်နှာစာ ပိုင်း ဒီဇိုင်း ပြန်လည်ပြောင်းလဲပေးထားပြီး Hyundai ရဲ့ Cascade Grille ဆိုတဲ့ Sports ဆန်ဆန် အရသာကို ပေးထားနိုင်ပါတယ်။ ဒါ့အပြင် အခု နောက်ဆုံး စမ်းသပ်ထုတ်လုပ်ထားတဲ့ ကားက ယခင်က ကားတွေထက် လည်း ပိုပြီး အကြမ်းခံကာ စွမ်းအင်ချွေတာ နိုင်မယ်လို့ ကုမ္ပဏီ ဘက်က ဆိုထား ပါသေးတယ်။

Photo Credit: MotorAuthority

ကားရဲ့ ဟိုက်ဒရိုဂျင်တွေ ကိုတော့ စုစုပေါင်း ၆၈ ပေါင်လောက် အထိဆံ့တဲ့ ‌ဟိုက်ဒရိုဂျင်အိုးကြီးတွေနဲ့ သိမ်း ဆည်း ပေးထား ပြီး ဘက်ထရီ နဲ့ပါ ဆိုရင်တော့ အခု ကားဟာ စွမ်းအင်တစ်ခါ ဖြည့်တင်းထားရင်း ၂၅၀ မိုင် လောက် အထိ ကို သွား နိုင်လိမ့်မယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လက်ရှိမှာ ဟိုက်ဒရိုဂျင် ဖြည့်တင်းပေး တဲ့ နေရာတွေရယ်လို့ အလုံ အလောက် မရှိသေးတာကတော့ သေချာပါတယ်။ ဒါကို ဖြေရှင်းဖို့ အတွက် အမေရိက ဒေသမှာ ဒေါ်လာ ၇.၄ ဘီလီယံတန် ရင်းနှီး မြုပ်နှံမှု တစ်ခုကို ပြီးချဲ့တဲ့နှစ်တုန်းကပဲ ကုမ္ပဏီဘက် က ကြေညာခဲ့ ပါသေးတယ်။ အခုလိုမျိုး လျှပ်စစ် စွမ်းအင် ခေတ်တစ်ခုကို ကူးပြောင်း နေဆဲမှာတော့ ဟိုက်ဒရိုဂျင် စွမ်းအင်ဖြည့်ပေးတဲ့ နေရာတွေ ပေါများလာဖို့ ဆိုတာ က အနည်းငယ် အလှမ်းဝေး နေသေးတာ ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ ရင်းနှီးမြုပ်နှံမှုငွေ အတော်များများ ကလည်း အမေရိက အတွင်းက ကုမ္ပဏီ ရဲ့ လျှပ်စစ် စွမ်းအင်သုံးကားတွေ ထုတ်လုပ်ဖို့ ဆီကိုသာ ပိုရောက်သွားနိုင်တာကြောင့် ဟိုက်ဒရိုဂျင် ကားတွေ အတွက်ကတော့ စောင့်ဆိုင်းရနိုင်ပါသေးတယ်။

Ref: MotorAuthority

 

Exit mobile version