MyCars Myanmar

ခေတ်ပေါ် ဆန်းသစ်မှုတွေနဲ့ ပေါင်းစပ်ကာ တစ်ကျော့ပြန်ပွဲထွက်လာတဲ့ Hyundai Grandeur Carbrio!

တောင်ကိုရီးယားထုတ် ကားတွေထဲမှာ အစောဆုံးသော ဇိမ်ခံကား အမျိုးအစား တစ်ရပ်လို့ ဆိုလို့ရမယ့် ပထမဆုံးမျိုးဆက် Hyundai Grandeur Carbrio ဟာအခုဆိုရင် အပြင်အဆင်သစ်တွေနဲ့အတူ ဆန်းဆန်း ပြားပြားပဲ တစ်ကျော့ပြန် ရောက်လာခဲ့ပါတယ်။ ဒါပေမယ့် အခုတစ်ခေါက် အထူးထုတ် ကားကိုတော့ အမိုးဖွင့်အနေနဲ့ ပါ တွဲဖက် ဖန်တီးလာခဲ့တာဖြစ်ပြီး Hyundai ဘက်က ထုတ်လုပ်တာ မဟုတ်ပဲ Peaches ဆိုတဲ့ အဖွဲ့တစ်ခုကနေ သေသေချာချာ ကို အချိန်ယူဖန်တီးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ သီးသန့်မြင်ရတဲ့ ကားသစ်မှာတော့ တံခါးလေးပေါက်ပါဝင်ပြီး လူ ၅ ယောက် စီးနင်းနိုင်ပါလိမ့်မယ်။ အခုကားကို ဖန်တီးထားတဲ့ Peaches ဆိုတဲ့ အဖွဲ့ကလည်း တောင်ကိုရီးယား ကားအလှဆင် ဝါသနာရှင် တွေဖြစ်ကြကာ သူတို့ရဲ့ ဂီတပညာ၊ ရုပ်ရှင်ပညာနဲ့ ဖက်ရှင်အမြင်တွေ အားလုံးကို ပေါင်းစပ်ပြီး ဖန်တီးခဲ့တဲ့ ကားဖြစ်တာကြောင့် Aftermarket Tuning တစ်ခုဆိုတာထက်ကို ပိုတဲ့ လက်ရာတစ်ခု ဖြစ်လာခဲ့ပါပြီ။ အခုကားသစ် ကိုတော့ Newtro Grandeur ဆိုတဲ့ နာမည် ဆန်းဆန်းလေးပေးထားပြီး အမိုးဖွင့် အမျိုးအစားမှာဆိုရင် အနောက်ဘက်က တံခါးဘောင်တွေတော့ ပါနေဦးမှာ ဖြစ်ပါတယ်။ ကားရဲ့ အင်ဂျင်စက်ဖုံး နေရာတွေမှာတော့ တောင်ကိုရီးယားရဲ့အစောဆုံး ဇိမ်ခံ လက်ရာတွေ အတိုင်းကျန်ရှိဦးမှာဖြစ်ပြီး B-Pillars တွေကိုတော့ ဖယ်ထုတ်ထား လိုက်ပါတယ်။

Photo Credit: AllAutoExperts

ဒါပေမယ့် အမိုးမပါတဲ့ ကားဒီဇိုင်းမှာ မူလကားထက် ပိုရှည်သွားအောင် Chassis ပိုင်းကို ဘယ်လောက်အထိ ဆန့်ထုတ် ထားသလဲ ဆိုတာကတော့ မသိရနိုင်သေးပါဘူး။ အတွင်းခန်းကလည်း တကယ်တော့ ယခင် ခေတ်ဟောင်း အပြင် အဆင်လေး အတိုင်းနီးပါး ကိုရှိနေသေးတာပါ။ အထူးသဖြင့် ၁၉၈၀ လောက်က အငွေ့အသက်တွေကို ခံစားရစေမယ့် အပြင်အဆင်တွေ ဖြစ်ပြီး အဆိုပါ ပုံစံတွေထဲကမှ ထိုင်ခုံတွေနဲ့ တံခါး ဘောင်တွေကို ပိုကောင်းတဲ့ ပစ္စည်းတွေ အစားထိုး ပေးထားလိုက်တာပါ။ ဒါပေမယ့် ဂီယာအုံနဲ့ Dashboard ပေါ်က အခြားသော Control တွေ အကုန်လုံးကိုတော့ ခေတ်ပေါ် နည်းပညာတွေနဲ့ ပေါင်းစပ်ပေးထား လိုက်ပါတယ်။ အခု သီးသန့်ထုတ်ကားရဲ့ အင်ဂျင်ပိုင်းက ဘာသုံးထားလဲ မသိရနိုင်သေးပေမယ့် ပထမဆုံးသောမူလ Grandeur တုန်းက ဆိုရင်တော့ 2.0 Liter Engine ကို Mitsubishi ဆီက နေယူသုံး ခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ 2.4 Liter အင်ဂျင်ကို ပြောင်းလဲခဲ့ပြီး ၁၉၉၀ ခုနှစ် ဝန်းကျင်တွေမှာ ဆိုရင်တော့ 3.0 Liter V6 အင်ဂျင်ကို ဆက်မြင်တွေ့ ခဲ့ရတာပဲ ဖြစ်ပါတယ်။ အခု ကားမှာတော့ ဘယ်လို အင်ဂျင်ပဲ သုံးထားထား ခေတ်ဟောင်း ဒီဇိုင်း ၊ ခေတ်ပေါ် နည်းပညာ ပေါင်းစပ်မှုတွေနဲ့တင် အတော်လေးကို ဆွဲဆောင်နိုင်နေပြီ ဖြစ်ပါတယ်။

Ref: AllAutoExperts

Exit mobile version