MyCars Myanmar

အင်ဂျင်ကားတွေကို ၂၀၄၀ အလွန် လောက်အထိ ထိန်းထားချင်နေတဲ့ Honda !

Honda အနေနဲ့ လာမယ့် ၂၀၃၀ အထိကို ဒေါ်လာ ၄၀ ဘီလီယံ လောက်အထိ ရင်းနှီးမြုပ်နှံဖို့ စီစဉ်ထားပြီး အဆိုပါ ရင်းနှီးမှုကတော့ အဓိကအားဖြင့် အခု ဆယ်စုနှစ် အကုန်မှာ သူတို့ကားရောင်းချရမှုတွေရဲ့ ၄၀% ကို လျှပ်စစ်သီးသန့် နဲ့ Hybrid ကားတွေ ဖြစ်လာစေဖို့ ရည်ရွယ်ပါတယ်။ ဒါပေမယ့် ဒီပမာဏ ဒီအနေအထား တွေကတော့ အဓိက ပြိုင်ဘက် တွေဖြစ်ကြတဲ့ Volkswagen နဲ့ GM တို့လို ကုမ္ပဏီတွေဆီက ရင်းနှီးမြုပ်နှံမှုတွေနဲ့ ယှဉ်ရင် တော်တော်လေးတော့ နောက်ကျ နေသေးတာပါ။ အခုလို လျှပ်စစ်ကား အနာဂတ် အတွက် ရင်းနှီးမြုပ်နှံရင်း Honda CEO ဖြစ်သူ Toshihiro Mibe ကိုယ်တိုင်ကလည်း အင်ဂျင် ကားတွေကို ၂၀၄၀ အလွန် လောက်အထိ ဆက်ရှိနေဖို့ကို မျှော်လင့်လာတာပဲ ဖြစ်ပါတယ်။ Mibe ရဲ့ ပြောကြားချက် အရတော့ သူတို့ အနေနဲ့လည်း ကာဗွန်ကင်းစင်တဲ့ ဘက်ကို ဦးစားပေးနေတာ ဖြစ်ပေမယ့် လျှပ်စစ်တင်မကပဲ Fuel Cell နည်းပညာလို စွမ်းအင်မျိုးလည်း ကျန်ရှိနေသေးတယ်လို့ သိထားရတာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

Mibe ကိုယ်တိုင် ကတော့ အင်ဂျင်ပိုင်းတွေမှာ နှစ်ပေါင်း ၃၀ လောက် ထဲထဲဝင်ဝင် ကျင်လည်ခဲ့သူ ဖြစ်တာကြောင့် လျှပ်စစ်ကား ခေတ်သစ်တစ်ခုကို သိပ်ပြီးမနှစ်မြို့ဟန်တူပါတယ်။ ဒါပေမယ့် သူ့ရဲ့အကြိုက် ခံစားချက်တွေနဲ့ စီးပွားရေးပိုင်းကို သပ်သပ်စီ ခွဲထုက်ထားတာ ဖြစ်တယ်လို့လည်း ဆိုထားပြန်သူပါ။ အခု ၂၀၃၀ အရောက် မှာတော့ သူတို့ရဲ့ ကားရောင်းချရမှု ၄၀% ကို လျှပ်စစ်နဲ့ Hybrid ဖြစ်လာဖို့ ရည်ရွယ် ထားပါတယ်။ ဒါ့အပြင် Tesla ရဲ့ Supercharger ကွန်ရက်လိုမျိုး ဘက်ထရီ ပိုင်းတွေ ၊ အားသွင်းနည်းပညာပိုင်းတွေ တိုးတက်စေဖို့ သီးသန့် Business တစ်ခုကိုလည်း ဖန်တီးတည်ထောင်ထားပြီး ဖြစ်ပါတယ်။ လက်ရှိမှာလည်း Honda ဟာ သာမန်ကားတွေတင် မဟုတ်ပဲ လေပေါ်ပျံမယ့် ယာဉ်တွေနဲ့ ဒုံးကျည်တွေအထိ အားသွင်းနည်းပညာတွေကို လေ့လာစမ်းသပ်နေပြီ ဖြစ်ပြီး ကာဗွန်ထုတ်လုပ်မှု အတော်ကို နည်းမယ့် E-Fuel စနစ်ကိုလည်း အင်ဂျင်တွေနဲ့ တွဲဖက်သုံးနိုင်ဖို့ မျှော်လင့်ဖန်တီး နေပြန်တာပါ။

Photo Credit: motor 1.com


အခုလိုမျိုး ရင်းနှီးမြုပ်နှံမှု အသစ်တွေနဲ့ အပြောင်းအလဲတွေကို ဖန်တီးနေသေးတယ် ဆိုပေမယ့်လို့ တစ်ဖက်မှာလည်း သာမန် အင်ဂျင်ကားတွေရဲ့ သက်တမ်းကို ပိုဆွဲဆန့်နိုင်ဖို့ အသေအချာကို မျှော်လင့်ထားဆဲ ဖြစ်ပါတယ်။ အဓိက အားဖြင့် စွမ်းဆောင်ရည် အသားပေးကားတွေ ၊ ကုန်တင် ကားတွေနဲ့ အခြားသော လုပ်ငန်းသုံး ယာဉ်ကြီးတွေဟာ ဒီ အင်ဂျင် ကြီးတွေနဲ့မှ ဖြစ်လိမ့်မယ်လို့ Mibe က ယူဆထားပြီး ဒီကားတွေက ကယ်တင်လိမ့်မယ်လို့လည်း ယူဆထားတာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း Honda အနေနဲ့ ကတော့ လာမယ့် ၂၀၂၅ ကစလို့ LG Energy Solution နဲ့ ပူးပေါင်းကာ ဘက်ထရီတွေ စတင် ထုတ်လုပ်ဖို့ ပြင်ဆင်ထား ပါသေးတယ်။ အဆိုပါ ဘက်ထရီ တွေကိုတော့ မြောက် အမေရိကမှာ နောက်ပိုင်း ထုတ်လုပ် လာမယ့် Honda ရဲ့ ဘက်ထရီ လျှပ်စစ်ကားတွေမှာ သုံးဖို့ ရည်ရွယ်ထားပါတယ်။ အဆိုပါ စက်ရုံတွေ မတိုင်ခင်မှာတော့ Honda ဘက်ကနေ Honda Prologue နဲ့ Acura ZDX စတဲ့ လျှပ်စစ်ကားသစ် ၂ မျိုးကို စတင် မိတ်ဆက် ပေးလာဦးမှာ ဖြစ်ပါတယ်။ ကားသစ် တွေကိုတော့ Honda ရဲ့ အမေရိက ဈေးကွက်ပိုင်း Partner တစ်ဦးဖြစ်သူ GM ရဲ့ Spring Hills စက်ရုံ ကထုတ်လုပ်ပေးမှာ ဖြစ်ပြီး ၂၀၂၄ မှာတင် မြင်လာရဖို့ ရှိနေပါတယ်။ ဒါ့အပြင် Honda က လျှပ်စစ်ကားတွေအတွက် ကိုယ်ပိုင် Architecture တစ်မျိုးကိုလည်း ချပြဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး လာမယ့် ၂၀၂၆ လောက်စလို့ လျှပ်စစ်ကားသစ်တွေမှာ အဆိုပါ Architecture ကို သုံးပေးလာလိမ့်မယ်လို့ မျှော်လင့်ရတာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version