လာမယ့် ၂၀၂၄ မှာ ထုတ်လုပ်ဖို့ရည်ရွယ်ထားတဲ့ Prologue ဆိုတဲ့လျှပ်စစ် Crossover SUV အသစ် တစ်စီး ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ တုန်းကပဲ Honda တို့ အမြည်းအစမ်း သဘောမျိုး ချပြလာခဲ့ ပါတယ်။ အဆိုပါ ကား ကတော့ အစီးရေ အများ အပြားနဲ့ စီးပွားဖြစ် ထုတ်လုပ်မယ့် ကုမ္ပဏီရဲ့ပထမဆုံးသော SUV ကားဖြစ်လာနိုင် ကာ တစ်နှစ်ကို အစီးရေ ၇၀,၀၀၀ လောက် အထိ ထုတ်လုပ်လာနိုင်မယ် လို့လည်း မျှော်မှန်းထားပါတယ်။ ဒ့ါအပြင် ၂၀၁၉ တုန်းက ရောင်းချခဲ့တဲ့ Clarity လျှပ်စစ်ကားအပြီး အမေရိက ဈေးကွက်အတွက် ပထမဆုံး သော Honda လျှပ်စစ်ကား အဖြစ် ပြန်မြင်ရမှာလည်း ဖြစ်ပြန်ပါတယ်။
Honda ကတော့ e: Architecture လို့ အမည်ရတဲ့ သူတို့ရဲ့ ကိုယ်ပိုင် EV Platform တစ်ခုကို ဖန်တီး နေတာကြောင့် အခု ကားမှာတော့ General Motors ရဲ့ Ultium Platform ပေါ်မှာ အခြေခံ ထုတ်လုပ်လာ နိုင်ပါတယ်။ ဒါ့အပြင် လာမယ့် ၂၀၂၄ အရောက်မှာလည်း Acura EV ကို GM ဆီက Platform နဲ့ပဲ Cadillac Lyriq ကားနဲ့ အတူတူ ထုတ်လုပ်လာဦးမှာ ဖြစ်ကာ စက်ရုံကအစ Tennessee ပြည်နယ်မှာ ရှိတဲ့ Spring Hills က GM စက်ရုံမှာ ဖန်တီးကြမှာ ပါ။ ဒါပေမယ့် အခုမြင်ရတဲ့ Prologue SUV အသစ်ကိုတော့ မက္ကဆီကို နိုင်ငံက Ramos Arizpe မှာရှိတဲ့ GM ရဲ့ စက်ရုံ မှာ ထုတ်လုပ် ပေးသွားမှာပဲ ဖြစ်ပါတယ်။ အခုလို မျိုး အရေးကြီးတဲ့ Platform က GM က လာတယ်ဆိုပေမယ့်လည်း အပြင်ပိုင်းဒီဇိုင်းပိုင်း တစ်ခုလုံး ကတော့ လော့အိန်ဂျလိပ်စ်နဲ့ ဂျပန်တို့မှာ အခြေစိုက်ထားတဲ့ ကုမ္ပဏီ ရဲ့ မူလကိုယ်ပိုင် လက်ရာတွေပဲ ဖြစ်တယ်လို့ Honda က ဆိုထားပါတယ်။ အဆိုပါ မတူညီတဲ့ ဒေသ ၂ ခုက Honda ဒီဇိုင်း အဖွဲ့ တွေဟာ ကား ဒီဇိုင်းကို ဆန်းသစ် ဖန်တီးခဲ့ကြတဲ့ တစ်လျှောက်မှာ ကိုရိုနာ ကပ်ရောဂါကြောင့် အွန်လိုင်းပေါ်ကပဲ တွေ့ဆုံပြီး Virtual Reality VR ပုံရိပ်ယောင် စနစ်သုံးကာ ဖန်တီး ခဲ့ကြတာလည်း ဖြစ်ပါတယ်။
အခု တစ်ခေါက် ချပြလာတဲ့ Teaser ပုံရိပ်ကြမ်းလေးမှာတော့ သာမန် SUV တွေရဲ့ သုံးနေကျ အချိုးအစား ဒီဇိုင်းမျိုးတွေကိုပဲ ဖန်တီး ပေးထား ပေမယ့် Honda ကတော့ အတွင်းခန်းထဲကို ဆူညံသံတွေ လျှော့ချနိုင်ဖို့ အတွက် Aerodynamic ပိုင်းပိုကောင်းအောင် သေချာအားစိုက်ထားတာတွေ့ရမှာပါ။ လျှပ်စစ်ကား အတော် များများမှာ အရှေ့ ဘက်မှာ အင်ဂျင်ကြီးမပါတော့တာကြောင့် လေကြောင့်ဖြစ်လာတဲ့ လေအား ဆူညံသံတွေ ကို ပိုခံစား ရတာကိုလည်း Honda က သတိပြုမိထား ပါတယ်။ အဆိုပါ Prologue ကားသစ် ချပြ ပြီးရင် တော့ Honda အနေနဲ့ သူတို့ရဲ့ အနာဂါတ် လျှပ်စစ် ကားသစ်တွေ အတွက် ဖန်တီးနေတဲ့ ကိုယ်ပိုင် Platform e: Architecture ကို လာမယ့် ၂၀၂၆ အရောက်မှာ ဆက်လက် ချပြလာဖို့ ရှိနေပါတယ်။ အဆိုပါ Platform ပေါ်မှာပဲ GM နဲ့ ပူးပေါင်းကာ နောက်ပိုင်းကျရင် အတော်လေး ဈေးသက်သက်သာသာ ရှိမယ့် လျှပ်စစ်ကားတွေ ထုတ်လုပ်ပေးလာနိုင်ပြီး ၂၀၂၇ က စမယ့် ကုမ္ပဏီနှစ်ခုအကြား ပူးပေါင်းဆောင်ရွက် မှုတွေထဲက တစ်စိတ်တစ်ပိုင်းလည်း ဖြစ်လာမှာပါ။ တစ်ကမ္ဘာလုံး ဈေးကွက်အစုံ အနေနဲ့ ကတော့ Honda အနေနဲ့ လာမယ့် ၂၀၃၀ အရောက်မှာ လျှပ်စစ်ကားသစ် အမျိုးအစားပေါင်း ၃၀ လောက် အထိကို ထုတ်လုပ် ဖို့ ပြင်ဆင်ထားပြီး အဆိုပါ ကားတွေထဲ Sports ကားသစ် ၂ မျိုးလည်း ပါဝင်လာမယ်လို့ သိထားရပါတယ်။
Ref: MotorAuthority
