MyCars Myanmar

Hond Fit နဲ့ ဆိုးဆိုးရွားရွားတိုက်မိခဲ့တဲ့ ရှားပါး Ferrari Enzo ကားတစ်စီး!

ပြီးခဲ့တဲ့ လပိုင်းတုန်းက ယူကေမှာရှိတဲ့ ဂျာစီကျွန်းပေါ်မှာ ရှားပါး Ferrari Enzo ကားတစ်စီး အနေနဲ့ ကြောက်စရာ ယာဉ်တိုက်မှုကြီး တစ်ခုကို ကြုံခဲ့ ရပါတယ်။ တိုက်မိတာကတော့ Honda Fit နဲ့ ဖြစ်ပြီး ယူကေမှာ ကတော့ Honda Jazz လို့ လူသိများကာ အတော်လေးလည်း အလျော်အစားကြီးခဲ့ရတဲ့ ယာဉ်တိုက်မှု ဖြစ်ခဲ့တာပါ။ ဘယ်လိုကနေ ဘယ်လို ဒီလောက်အထိ ယာဉ်တိုက်မှုကြီး ဖြစ်ခဲ့ရသလဲ မသိရသေးပေမယ့် ရဲတွေ ကလည်း မျက်မြင်သက်သေ တစ်ယောက်ယောက်ကို ဖြစ်စဉ်အပြီး တစ်ပတ်ကျော်လောက်အထိ ရှာဖွေနေရဆဲ ဖြစ်ပါတယ်။ Jersey Evening Post ဆိုတဲ့ ဒေသခံ သတင်းစာရဲ့ ဖော်ပြချက်အရတော့ Ferrari ကားက လမ်းလယ်ကို ကျော်နေခဲ့တယ်လို့ မျက်မြင် တစ်ယောက်က ဆိုထားပြီး Honda Fit ကို ဘယ်လိုဘယ်ပုံသွားတိုက် မိတယ်ဆိုတာတော့ မသိရသေးပဲ Ferrari Enzo ရဲ့ အရှေ့ပိုင်း တစ်ပိုင်းလုံးကတော့ သိပ်ပြီးထိခိုက် မိပုံမပေါ်ထားပါဘူး။

Photo Credit: motor 1.com

ဒါပေမယ့်လည်း ယာဉ်မောင်း ထိုင်တဲ့ ဘယ်ဘက် အနောက်ပိုင်းကတော့ အတော်လေး ကြွတက်ပျက်စီးသွား ပါတယ်။ အနောက်ဘက် တာယာကလည်း ပျက်စီးသွားပြီး ဘီးကလည်း ကျွံဝင်သွားတာကို တွေ့ရမှာပါ။ ကားနှစ်စီးစလုံးရဲ့ လေအိတ်တွေ အကုန်ပွင့်နေတာကြောင့် သေချာတာက အတော်ပြင်းတဲ့ အရှိန်နဲ့ တိုက်မိကြနိုင်တာပါပဲ။ Honda Fit (Jazz) ကတော့ အရှေ့ဘက် ဘန်ဘာတစ်ခြမ်း အတော်လေး ထိသွားပြီး ဘီးလည်း ကွေးဝင်သွားတာကြောင့် ကား ၂ စီး လုံးကိုတော့ ကရိန်းနဲ့ပဲ ပြန်သယ်ထုတ်ထား ခဲ့ရပါတယ်။ ကံကောင်းတာ တစ်ခုကတော့ ကားနှစ်စီးလုံးရဲ့ ယာဉ်မောင်းတွေ ကြီးကြီးမားမား ဒဏ်ရာရခဲ့တာမျိုး မရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ယာဉ်မောင်း ၂ ယောက်ထဲက အသက်ပိုကြီးတဲ့ တစ်ယောက်ကိုတော့ သတိထားတဲ့ အနေနဲ့ပဲ ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

ဒါပေမယ့် ထူးခြားချက်ကတော့ သတင်းစာရဲ့ ဖော်ပြချက်အရ ယာဉ်တိုက်မှုဖြစ်ချိန် Ferrari ရဲ့ ယာဉ်မောင်းနေရာမှာ Delivery ယာဉ်မောင်း ထိုင်နေတယ်လို့ သိရတာပါပဲ။ ကားရဲ့ ပိုင်ရှင်ကတော့ အဆိုပါ ကျွန်းဒေသ က တစ်ဦးဦးရဲ့ နာမည်နဲ့ပဲ မှတ်ပုံတင်ထားတာ တွေ့ရကာ အခုယာဉ်တိုက်မှု ကြောင့်လည်း နာရီပေါင်းများစွာကြာအောင် လမ်းပိုင်းကို ပိတ်ထား လိုက်ရပါသေးတယ်။ Ferrari Enzo ဆိုတာကတော့ တကယ်ကိုရှားပါး စူပါကားတစ်စီး ဖြစ်ပြီး ၂၀၀၂ ကနေ ၂၀၀၄ အတွင်း အစီးရေ ၄၀၀ အထိပဲ ထုတ်လုပ် ပေးထားခဲ့တာပါ။ ကားရဲ့ အင်ဂျင်ကတော့ Naturally Aspirated V 12 Engine ဖြစ်ပြီး 651 hp အထိ ကို စွမ်းဆောင် နိုင်ပါ တယ်။ သေချာတာကတော့ အရှိန်အမြင့်ဆုံးများ မောင်းနှင် လာ မိပြီဆိုရင် သာမန်မကျွမ်းကျင် သူတွေအဖို့ ထိန်းရခက်နိုင်တာဖြစ်ပြီး အခုကားကို ပြန်ပြီး ပြင်ဆင်ဖို့ကလည်း အတော် လေးကို ကုန်ကျစရိတ်များသွား မယ့် အခြေအနေ ဖြစ်ပါတယ်။ ကားသစ်ဈေးကတော့ စတင်တုန်းက $ 659,000 ကနေ ‌စရောင်းခဲ့ ပေမယ့်လည်း နောက်ပိုင်းနှစ်တွေမှာ ဒေါ်လာ သိန်းဆယ်ဂဏန်း အထိကို မြင့်တက်လာခဲ့ပြီဖြစ်တဲ့ ကား တစ်စီးပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version