MyCars Myanmar

God Of War Theme နဲ့ ရနိုင်မယ့် Cadillac CT5 ကားတစ်မျိုး!

ဂိမ်းလောကထဲမှာ နာမည်ရထားပြီးသား ဖြစ်တဲ့ God Of War Game ကတော့ အခုဆိုရင် နောက်ဆက်တွဲ အသစ် ထွက် Ragnarok နဲ့အတူ ဆက်လက် လူကြိုက်များနေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတစ်ခေါက် God Of War ကို မြင်ရမှာကတော့ ဂိမ်းထဲမှာမဟုတ်ပဲ ကားတစ်စီးအတွက် အပြင်အဆင်အနေနဲ့ ဖြစ်လို့နေပါတယ်။ တရုတ် ဈေးကွက် အတွင်းမှာရနိုင်တဲ့ Cadillac CT5 တစ်စီးကိုတော့ဂိမ်းထဲက God Of War ရဲ့ ပြိုင်ဘက် ဖြစ်သူ Kratos  ရဲ့ ပုံစံ စိတ်ကြိုက် ပြင်ဆင်ထားတာ တွေ့ရပါတယ်။

Photo Credit: AllAutoExperts

အခု ကားမှာတော့ အောက်ခံငွေရောင်ကိုမှ ပုံမှန်မဟုတ်တဲ့ အနီရောင်လိုင်းလေးတွေသုံးကာ ပြင်ဆင်ထားတာ ဖြစ်ပြီး အနက်နဲ့ မီးခိုးရောင်လေးတွေကလည်း တော်တော်ကို လိုက်ဖက်ညီနေပါတယ်။ ထူးခြားတာက တော့ ကားရဲ့ စက်ဖုံးပေါ်မှာ ဂိမ်းတံဆိပ် Logo ကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် Play Station ဂိမ်းစက်ရဲ့ အမှတ်သညာ Controller ခလုတ် ဒီဇိုင်းလေးတွေဖြစ်တဲ့ တြိဂံ ၊ အဝိုင်း ၊ လေးထောင့်နဲ့ X ပုံတို့ကိုလည်း အနက် ရောင်လေးတွေအဖြစ် ကားဘီးရှေ့လေးတွေမှာ ထည့်ပေးထားပါသေးတယ်။ အခုလိုမျိုးဂိမ်းရဲ့ အငွေ့အသက်တွေနဲ့ သီးသန့်ပြင်ဆင်ထားတဲ့ ကားသစ်ကို လာမယ့် နိုဝင်ဘာ ၁၂ ကနေ ၁၅ အတွင်း တီယန်ဂျင်း ကားပြပွဲကြီးမှာ ချပြသွားမှာပါ။ အခု နိုဝင်ဘာ ၁၁ ကနေ ၁၃ အတွင်းမှာတော့ ရှန်ဟိုင်းပြပွဲ အတွင်း ရှိနေမှာဖြစ်ပြီး နိုဝင်ဘာ ၁၂ ၊ ၁၃ ရက်တွေမှာတော့ Zhuhai ပြပွဲမှာ ရှိနေမှာပါ။ အခုလိုမျိုး Kratos-Themed နဲ့ Cadillac ကားကို ဖန်တီးထားရာမှာလည်း ရိုးရိုးတစ်မျိုးတည်းတင် မဟုတ်ပဲ Version ၃ မျိုးအထိ ကွဲပြီး ပွဲထွက်လာ လိမ့်မယ်လို့ သိရပါတယ်။

Photo Credit: AllAutoExperts

ဒါပေမယ့်လည်း အဆိုပါ ကားတွေရဲ့ တရားဝင် Website ကတော့ အခု ကားတွေဟာ ဈေးကွက်ထဲ ရောင်းချပေးဖို့ မဟုတ်ပဲ ကြော်ငြာတစ်ရပ်အနေနဲ့သာ အမြင်ပိုင်း လှပအောင် ပြောင်းလဲ ပြသထားမှာ ဖြစ်တယ်လို့ ဖော်ပြထား ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ စိတ်ကြိုက်ရွေးပေးမယ့် ‌ကံထူးသူ အယောက် ၁၂၀ ထဲ ပါဝင်ခွင့် ရခဲ့မယ် ဆိုရင် တော့ လက်ဆောင် ပစ္စည်းတစ်ချို့ကို ရနိုင်ပါသေးတယ်။ အဆိုပါ လက်ဆောင် တွေထဲ မှာ ‌ဆိုရင်တော့ 1:18 Scale အထိ ရှိတဲ့ CT5 ပုံတူ ကားလေး ၊ God Of War Theme သုံးထားတဲ့ Controller တို့အပြင် Game ရဲ့ Logo သီးသန့် နဲ့အတူ သော့ချိတ်တို့ပါအမှတ်တရ ပါဝင်လာမှာပဲ ဖြစ်တယ်လို့ သိရပါတယ်။

Ref: AllAutoExperts

Exit mobile version