MyCars Myanmar

Taillight ပြဿနာကြောင့် စောစောစီးစီး ပြန်သိမ်းနေရတဲ့ GMC Hummer EV !

GMC ကတော့ သူတို့ရဲ့ Hummer လျှပ်စစ် ကားသစ်တွေကို ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းလောက်မှာတင် စတင် ရောင်းချ နိုင် ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုတော့ အဆိုပါ ကားကောင်းတွေကိုပဲအနည်းငယ်သော ချို့ ယွင်းချက်တွေကြောင့် ပြန်ပြီး သိမ်းဆည်း ရတော့မှာပါ။ NHTSA က ထုတ်ပြန်တဲ့ သတင်းတွေအရတော့ ၂၀၂၁ အောက်တိုဘာ လ ၅ ရက်နေ့ ကနေ အခုနှစ် ဇန်နဝါရီ လ ၂၀ ရက် နေ့အထိ ထုတ်လုပ်ခဲ့တဲ့ ကားတွေ မှာ ဖက်ဒရယ် မော်တော်ယာဉ် ဥပဒေအမှတ် ၁၀၈ နဲ့ ငြိစွန်းနေတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် GM ကတော့ အဆိုပါ ကား ၁၀ စီးလောက်ကို ပြန်လည် သိမ်းဆည်း ပေးခဲ့ရတာ ဖြစ်ပြီး လုံးဝ အခမဲ့ ပြန်လည် ပြင်ဆင်ပေးမှာလည်း ဖြစ်ပါတယ်။ ကုမ္ပဏီ ကတော့ Hummer EV တွေ အကုန်လုံး မဟုတ်ပဲ ဇန်နဝါရီ လ ၂၀ ရက် ကျော်က ထုတ်လုပ်ထားတဲ့ ကားတွေမှာဆိုရင်တော့ ပစ္စည်း ပိုင်းအရရော Software ပိုင်းအရပါ သေချာမှန်မှန်ကန်ကန် တပ်ဆင်ထားတာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Photo Credit: motor 1.com

သတင်းတွေ အရတော့ အခုပြန်လည် သိမ်းဆည်းခံရတဲ့ ယာဉ်တစ်ချို့ရဲ့ Microcontroller တွေထဲမှာ Software တစ်ခုထည့်ထားပြီး အဆိုပါ Software Error ဖြစ်တာလို့ သိရပါတယ်။ အဆိုပါ ပြဿနာကြောင့် အနောက်ဘက်က Taillamps တွေ မီးမှန်မှန် အချက်မပြတာမျိုး တစ်ဝက်တစ်ပျက်ပဲ လင်းနေတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် အဆိုပါ မီးနဲ့ဆက်စပ်ပြီးတော့လည်း Taillamp ရဲ့ တစ်ခြားလုပ်ဆောင်ချက် တွေ ဖြစ်တဲ့ ဘရိတ်မီးတွေ ၊ ဘေးအချက် မီး ၊ Backup Lamp ၊ ဘေးမီးနဲ့ ကြမ်းခင်းမီး တို့အပြင် Tail Light တွေကိုပါ အလုပ် မလုပ်နိုင်တော့တဲ့ အထိ ဖြစ်သွား စေနိုင်တာပါ။ တကယ်လို့ အဆိုပါ Taillamps တွေက အပြည့်အဝ ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းပဲ အချက်ပြနေသေးတယ် ဆိုရင်လည်းခုနက ပြောခဲ့တဲ့ ဆက်စပ် လုပ်ဆောင် ချက်တွေ အကုန်လုံးက စက်ပိတ်ထား ရင်တောင်မှ အလိုအလျောက် အလုပ်လုပ်နေနိုင်မယ့် အခြေအနေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အခု ပြဿနာ ကိုတော့ အန္တရာယ် ဖြစ်စေနိုင်တဲ့ ချို့ယွင်းချက် လို့ အတိအကျ ပြောကြားထားတာမျိုး မတွေ့ရသေးပဲ GM ဘက်ကလည်း ဆန္ဒရှိမှ လာရောက် အပ်နှံပြန် လည် ပြင်ဆင်ပေးဖို့ ဆိုပြီး ဖော်ပြထားတာလည်း ဖြစ်ပါတယ်။

Photo Credit: motor 1.com

NHTSA ဘက်ကတော့ အခုလို ပြန်လည် သိမ်းဆည်း ပြီးသွားရင် ကုမ္ပဏီဘက်ကနေ လိုအပ်တဲ့ ပစ္စည်းမှန် သမျှကို အသစ်လဲလှယ် ပေးရမယ်လို့ ဖော်ပြထားတာပါ။ ဒါ့အပြင် ကားတွေကလည်း အသစ်စက်စက် ထုတ်ထားကာစဖြစ်ပြီး အာမခံ သက်တမ်းလည်း ကျန်သေးတာကြောင့် ပြန်ပြင်မယ့် ပိုင်ရှင်တွေအဖို့ ကုန်ကျ စရိတ်အတွက်လည်း ပူပန် နေစရာ မလိုပဲ အခမဲ့ပဲ ဖြစ်နေမှာပါ။ တကယ်လို့ GMC Hummer EV ကို စောစော ဝယ်ထားမိတဲ့ ပိုင်ရှင် ၁၀ ယောက် ထဲက တစ်ယောက်က သင်ဖြစ်နေတယ် ဆိုရင်တော့ နီးစပ်ရာ အရောင်းကိုယ်စားလှယ်တွေ ဆီမှာ ကိုယ့်ကား စာရင်း ပြန်အပ်ရမယ့် အထဲ ပါမပါ ပြန်လည် စစ်ဆေးသင့် ပြီပဲ ဖြစ်ပါတယ်။ တကယ်လို့ အခု မစစ်ဆေးသေးဘူး ဆိုရင်တောင် မှ လာမယ့် ဧပြီ လ ၂၅ ရက် အရောက် မှာ အဆိုပါ ကားပိုင်ရှင်တွေဆီ တိုက်ရိုက် အကြောင်းကြားလာတော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version