MyCars Myanmar

အမေရိကန်မှာ ပထမဆုံး အရောင်းပြခန်း ဖွင့်လှစ်လိုက်တဲ့ Genesis !

Genesis ကား ကုမ္ပဏီကတော့ သူတို့ ကိုယ်သူတို့ Hyundai ကုမ္ပဏီ ရဲ့ ဇိမ်ခံ အခွဲတစ်ခု ဆိုတာထက်ပိုပြီး သီးသန့် ကား လုပ်ငန်းကောင်းတစ်ရပ်ဆိုတာပြသနိုင်ဖို့ အတော်လေး ကြိုးစားနေပါတယ်။ သီးသန့် ရပ်တည် နိုင်တဲ့ ကားကုမ္ပဏီ တစ်ခုဖြစ်ဖို့ ကြိုးစားနေတာနဲ့ အညီအခုဆိုရင်တော့ အမေရိကန် ကားစျေးကွက်ထဲမှာ သူတို့ရဲ့ ပထမဆုံးသော သီးသန့် ကားအရောင်းပြခန်းတစ်ခုကို ဖွင့်လှစ်လိုက်နိုင်ပြီ ဖြစ်ပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင်သီးသန့် အရောင်း ပြခန်း တွေကတော့ မူလနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားမှာ ၂၀၁၈ ကတည်းက တည်ရှိလာခဲ့တာဖြစ်ပြီး အခု ပြီးခဲ့တဲ့ အင်္ဂါနေ့ကမှ အမေရိက စျေးကွက်ထဲ အတွက် တံခါးပေါက်အသစ် ဖွင့်လှစ်ဝင်ရောက်လာတာပါ။ အဆိုပါ အရောင်းပြခန်းကိုတော့ လူဝီစီးယားနား ပြည်နယ်ထဲက Lafayette မှာ ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး နောက်လည်း အများကြီး ဆက်လက်ဖွင့်လှစ်သွားဖို့ ရှိနေပါသေးတယ်။

Photo Credit: MotorAuthority

အခြားနေရာတွေမှာ ဆိုရင်တော့ နောက်ထပ် သီးသန့်အရောင်းပြခန်း ပေါင်း ၆ ခုကို လက်ရှိ တည်ဆောက် နေပြီး နောက်ထပ် ပြခန်းပေါင်း ၂၀ လောက်ကတော့ အစောပိုင်း ပြင်ဆင်မှုတွေ စတင်ပြုလုပ်နေတယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ ပြောကြားချက်အရကတော့ အမေရိက ‌‌ဒေသမှာ သူတို့ရဲ့ သီးသန့်အ‌ရောင်းပြခန်း ပေါင်း ၁၀၀ လောက် အထိကို ဖွင့်လှစ်သွားဖို့ ရှိနေတာပဲ ဖြစ်ပါတယ်။ နောက်ထပ် ဘယ်နေရာတွေမှာ ဆက်လက် ဖွင့်လှစ်သွားမှာလဲ ဆိုတာ ကို မသိရသေးပေမယ့် ယခင်က ပြောဖူးသလောက် ဆိုရင်တော့ ယခင်ကတည်းက Genesis Brand ကားတွေကို တွဲဖက် ရောင်းချထားဖူးတဲ့ Hyundai ကိုယ်စားလှယ်တွေ အဖို့  Genesis သီးသန့် လုပ်ငန်းတွေအဖြစ် ကူးပြောင်း လျှောက်ထား ချင်တယ်ဆိုရင် ပိုပြီး ဦးစားပေးခြင်း ခံရမယ့် အခြေအနေတော့ ရှိပါတယ်။

Photo Credit: MotorAuthority

အဆိုပါ Genesis သီးသန့် အရောင်းပြခန်း‌တွေကတော့ ဒီဇိုင်းနဲ့ ဖွဲ့စည်းပုံတွေ အတူတူဖြစ်လာမှာ ဖြစ်ပြီး အတွင်းပိုင်းမှာ ယာဥ်အသစ်တွေ သယ်ယူပို့ဆောင်နိုင်ဖို့ နေရာတွေအပြင် အခြားသော အသစ်‌ရောက်လာ ဦးမယ့် လျှပ်စစ်ကားတွေ အတွက် အားသွင်းစရာ နေရာတွေကို လည်း တစ်ပါတည်း ထည့်သွင်းပေးထား မှာပါ။ ကားကို ဝယ်ဖို့ စိတ်ဝင်စားတဲ့ သူတွေအဖို့ကတော့ အိမ်မှာပဲ အွန်လိုင်းကနေ စမ်းသပ်မောင်းနှင် လို့ ရမယ့် ထူးထူးခြားခြား အခွင့်အရေး တစ်ရပ်လည်း ရှိထားပြီး ကားအသစ်စက်စက် တစ်စီးလုံးကိုတောင် ဝယ်ယူမှာ သေချာပြီဆိုရင် အိမ်အ‌ရောက် ပို့ဆောင်ပေးမယ့် ဝန်ဆောင်မှုကိုပါ ပေးထားသေးတာပဲ ဖြစ်ပါ တယ်။ Genesis ကတော့ Hyundai ကရောင်းချခဲ့တဲ့ အရွယ်အစား အလယ်အလတ်ရှိ Sedan ကား တစ်စီး အနေနဲ့ စတင်ခဲ့တာဖြစ်ပြီး ၂၀၁၆ အ‌ရောက်မှာတော့ ကိုယ်ပိုင် ကား Brand တစ်ခု အနေနဲ့ စတင် ခွဲထွက် လာခဲ့တာပါ။ အခုလိုမျိုး Brand တွေ ခွဲထုတ်လိုက်တာကတော့ တစ်ချို့ စျေးကွက် ‌ရောင်းအားတွေ အပေါ် မှာ အကျိုးသက်ရောက်မှုရှိပြီး ဒါကလည်း Hyundai နဲ့ Genesis တို့မှ ကြုံရတာ တော့ မဟုတ်ပါဘူး။ ဥပမာ ပြရမယ်ဆိုရင် Lexus ကား ဝယ်သူ အတော်များများက Toyota အရောင်းပြခန်းတွေထဲ သွားကြမှာ မဟုတ် သလို Audi ဝယ်နေကျ သူတွေကလည်း Volkswagen အ‌ရောင်းဆိုင်တွေဆီ ရောက်ဖြစ်ကြတော့ မှာ မဟုတ်ပါဘူး။ တကယ်လို့ ဇိမ်ခံကားတစ်စီးကို ဝယ်မယ်လို့ ဆုံးဖြတ်ထားတဲ့သူဆိုရင် ကားဝယ်တဲ့ နေရာမှာ ကတည်းကိုက ဇိမ်ခံအတွေ့အကြုံကိုရချင်ကြတာများပြီး အခုလိုမျိုးလိုအပ်ချက်ကိုတော့ Genesis ရဲ့ အခု အစီအစဥ် က ဖြည့်ဆည်း ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ရပါတယ်။

Ref: MotorAuthority

Exit mobile version