MyCars Myanmar

မိုးကြိုးထိမှန်ပြီး တစ်စီးလုံးမီးလောင်သွားခဲ့ရတဲ့ Ford F-150 Lightning ကား !

Ford အနေနဲ့ သူတို့ရဲ့ ပထမဆုံးသော F-150 လျှပ်စစ်ကားကို Lightning လို့ အမည်ပေးခဲ့တုန်းကတော့ ဘယ်သူကမှ မိုးကြိုးပစ်ခံရမှာမို့ ဒီနာမည်ကို ပေးခဲ့တယ်လို့ တွေးမိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အခုတော့ အဆိုပါ ကားအမျိုးအစား တစ်စီးက နာမည်နဲ့လိုက်အောင်ပဲ Lightning ဆိုတဲ့ လျှပ်စီးမိုးကြိုးပစ်ခံလိုက်ရပြီး ရစရာမရှိအောင် ပျက်စီးသွားခဲ့ ရပါတယ်။ အဆိုပါ Ford Super Duty Truck ကားရဲ့ ပိုင်ရှင် ဖြစ်သူ Kristi Hughes Groover ဆိုသူက တင်ထားခဲ့တဲ့ ကားပုံတွေ မှာတော့ ကားရဲ့ အလယ်ပိုင်း တစ်ပိုင်းလုံးက မမှတ်မိနိုင်တော့ လောက်အောင်ကို ပျက်စီးသွားတာပါ။ ဒါပေမယ့် ‌အရှေ့ဘက် Fascia နေရာလေးတော့ အကောင်းအတိုင်းကျန်နေခဲ့ပြီး အဆိုပါနေရာ နောက်ကတော့ အတော်လေးကို မီးလောင်ပျက်စီး ခဲ့ရပါတယ်။

Photo Credit: motor 1.com

အဆိုပါမိုးကြိုပစ်ခံထိပြီး မတော်တဆမှု ဖြစ်ခဲ့ရတာကတော့ အမေရိကန်နိုင်ငံ၊ ကယ်ရိုလိုင်းနား တောင်ပိုင်းမှာ ရှိတဲ့ Dataw ကျွန်းပေါ်မှာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက မုန်တိုင်းတစ်ခု ဆိုးဆိုးရွားရွား တိုက်ခတ်နေတုန်း ဖြစ်ပွားခဲ့တာပါ။ ကားကို သစ်ပင်တစ်ပင်နားမှာ ရပ်နားထားတာ ဖြစ်ပြီး Explore Beaufort ဆိုတဲ့ လူမှုကွန်ရက် စာမျက်နှာတစ်ခုက မျက်မြင်သက်သေ ဖော်ပြချက်အရတော့ မိုးကြိုးက သစ်ပင်ကို ပစ်ခဲ့ပြီး သစ်ပင်က ကားပေါ်လဲကျကာ မီးတွေ ကူးစက် လောင်ကျွမ်း သွားခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ကံကောင်းတာ တစ်ချက်ကတော့ အခု ဖြစ်ရပ်ကြောင့် တစ်စုံ တစ်ယောက်မှ ထိခိုက်ဒဏ်ရာ မရခဲ့တာပါပဲ။ National Weather Service (NWS) ရဲ့ အချက်အလက်တွေ အရတော့ တကယ်လို့များ မိုးကြိုးက ကားထဲမှာ လူရှိနေတုန်း ပစ်ခဲ့ရင်တောင် ကားတံခါး တွေပိတ်ထားမယ် ဆိုပါက ကားအမိုးရဲ့ သတ္တုပိုင်းကနေ အထဲက လူတွေကို အကာအကွယ် ပေးနိုင်တာကြောင့် လုံးဝစိတ်ချရတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီအချက်အလက်နဲ့ အခု ဖြစ်ရပ်ကတော့ နည်းနည်း ကွဲလွဲ နေတာကို တွေ့ရမှာပါ။

Photo Credit: motor 1.com

မျှမျှတတပြန်စဉ်းစား ကြည့်မယ်ဆိုရင်တော့လည်း အခုဖြစ်ရပ် ဖြစ်ပွားချိန်မှာ ကားတံခါးတွေ ပိတ်ထားလား ၊ ဖွင့်ထားလား ဆိုတာ မသေချာတာကို သတိပြုရမှာပါ။ ဒ့ါအပြင် တကယ်တော့ မိုးကြိုးက သစ်ပင်ကို တည့်ပစ်ပြီးမှ သစ်ပင်က နေတစ်ဆင့် မီးလောင်မှုဒဏ်ကို ကားကခံရတာဖြစ်လို့ အခုလိုမျိုး ပျက်စီးမှုကြီးကြီးမားမား ဖြစ်သွားတာ မျိုးလည်း ပိုဖြစ်နိုင်ပြန်ပါတယ်။ ပုံမှန်အားဖြင့်ကတော့ လျှပ်စီးမိုးကြိုးတွေ ကျနေပြီဆိုရင် အမိုးအကာအောက် ရှိမနေပဲ တစ်ယောက်တည်း ထီးထီးကြီး ရှိနေရင်တော့ ပိုအန္တရာယ်များတာ ဖြစ်ပြီး ကားထဲထက်စာရင် အိမ်ထဲမှာ နေတာက ပိုပြီး လုံခြုံစိတ်ချရတာတော့ အသေအချာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

(14) ကမ္ဘာ့ဒိတ်ဒိတ်ကြဲ အနုပညာရှင်တွေနဲ့ သူတိုစီးတဲ့ ကားအကောင်းစားတွေ -၂ – YouTube

Exit mobile version