MyCars Myanmar

လျှပ်စစ်သီးသန့် ကားတစ်စီးအနေနဲ့ ၂၀၂၄ မှာတစ်ကျော့ပြန်လာမယ့် Fiat 500 !

Fiat 500 ကားလေး ရဲ့ အမာခံ ပရိသတ်တွေ အထူးသဖြင့် အမေရိက ဈေးကွက်ထဲက ပရိသတ်တွေအဖို့ တော့ အဆိုပါ Hatchback ကားလေး ကို ၂၀၂၄ အစောပိုင်းကစလို့ မျိုးဆက်သစ် လျှပ်စစ်ကားတစ်စီး အနေနဲ့ စမြင်ရတော့မှာပါ။ ကားသစ်ကိုတော့ လာမယ့် ၂၀၂၂ လော့အိန်ဂျလိစ် ကားပြပွဲကြီးမှာ တရားဝင် ကြေညာဖို့ ပြင်ဆင်ထားပါတယ်။ အဆိုပါ မိတ်ဆက်ပွဲမှာတော့ သီးသန့် ကားအမျိုးအစား ၃ မျိုးအနေနဲ့ ၃ စီးတည်းကိုသာ ချပြဦးမှာဖြစ်ကာ အီတလီရဲ့ နာမည်ကျော် Fashion နဲ့ Lifestyle Brand တွေဖြစ်ကြတဲ့ Armani ၊ Bvlgari နဲ့ Kartell တို့ရဲ့ ဒီဇိုင်းတွေ ကိုသုံးပေးထား လိမ့်မယ်လို့လည်း သိရပါတယ်။

Photo Credit: MotorAuthority

Fiat 500 ကားကို အမေရိက ဈေးကွက်ထဲနောက်ဆုံး ရောင်းချခဲ့တာကတော့ ၂၀၁၉ ခုနှစ်တုန်းကဖြစ်ပြီး ဂတ်စ်ကား အနေနဲ့ရော 500e ဆိုတဲ့ လျှပ်စစ်ကား အနေနဲ့ပါ မြင်ခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ ဒီဇိုင်း ပြောင်းပြီး လျှပ်စစ်သီးသန့် ဖြစ်လာတဲ့ 500 ကားသစ်တွေကိုတော့ ၂၀၂၁ မှာ ‌နိုင်ငံတကာ ဈေးကွက်တွေထဲ အရောက်ပို့ခဲ့ပြီး 500e ဆိုတဲ့ နောက်ထပ် တတိယမြောက် မျိုးဆက်ကားကို အခုလာမယ့် ၂၀၂၄ မှာတင် အမေရိက ဈေးကွက်ထဲ ပြန်လည် ယူဆောင်လာတော့မှာ ဖြစ်ပါတယ်။ အခု မိတ်ဆက်မယ့် ကားသစ်နဲ့ ပတ်သက်လို့တော့ Fiat ရဲ့ CEO ဖြစ်သူ Olivier Francois က‌ ကားတစ်စီး ဆိုတာထက်ပိုပြီး အမေရိကဈေး ကွက်အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်တွေ သုံးစွဲ ရာမှာပါ အထောက်အကူပြုနိုင်ဖို့ စီစဉ်ပေးမယ့် ကားလည်းဖြစ်တယ်လို့ ညွှန်းဆိုထားပါတယ်။ အခုတစ်ခေါက် ကားပြပွဲမှာ မြင်ရမယ့် Fiat 500e လျှပ်စစ်ကား သစ်ကတော့ Abarth Version နဲ့ပါ တွဲမြင်လာရနိုင်ပြီး အမေရိက ဈေးကွက်အတွက် ပါမပါ ဆိုတာတော့ မသေချာသေးပါဘူး။

Photo Credit: MotorAuthority

အခု လျှပ်စစ်ကားသစ်က ယခင် ဒုတိယမျိုးဆက် ကားထက် အနည်းငယ်ပိုကြီးနိုင်ပြီး ၂.၄ လက်မလောက်လည်း ပိုရှည် ပိုကျယ်မယ်လို့ သိရပါတယ်။ ကားရဲ့ ရှေ့ဘီးအနောက်ဘီး အကြားအကွာအဝေးကပါ ၀.၈ လက်မလောက် ပိုကျယ်လာ နိုင်ပြီးဒီ အနေအထားကြောင့် ယခင်ကားထက် အတွင်းခန်းလည်း ပိုကျယ်လာလိမ့်မယ်လို့ ယူဆရပါတယ်။ ဥရောပမှာ တော့ အဆိုပါ ကားရဲ့ ဘက်ထရီ ပိုင်းက 42 kWh ကို ရထားပြီး အခု အမေရိက ဈေးကွက်မှာတော့ ပိုကြီးတဲ့ ဘက်ထရီ ပါလာဖို့ များပါတယ်။ အဆိုပါ ဥရောပဈေးကွက် Fiat ကားသစ်ကတော့ 117 hp လောက်အထိ စွမ်းဆောင်ထားနိုင်တာ ပါ။ ထုတ်လုပ်မှု အပိုင်းမှာ ဆိုရင်တော့ ကားသစ်တွေတိုင်းကို အီတလီ နိုင်ငံ ၊ တူရင်မှာ ရှိတဲ့ Stellantis ရဲ့ Mirafiori စက်ရုံမှာ ဖန်တီးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ စက်ရုံကြီးကိုတော့ ဒေါ်လာ ၈၀၀ နီးပါးအထိ ရင်းနှီးမြုပ်နှံကာ အဆင့်မြှင့်တင် ပေးထား တာဖြစ်ပြီး အထူးသဖြင့် နောက်ပိုင်းမှာ Stellantis ရဲ့ Brand တစ်ခုဖြစ်တဲ့ Maserati လျှပ်စစ် ကားတွေကိုပါ ထုတ်လုပ်ပေးနိုင်ဦးမှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

Exit mobile version