MyCars Myanmar

၂၀၂၁ ထဲ စံချိန်တင် ကားအစီးရေပေါင်း ၁ သောင်းကျော်အထိ ရောင်းခဲ့ရတဲ့ Ferrari!!

Ferrari ကုမ္ပဏီကတော့ သူတို့ရဲ့ ကားတွေကို သီးသန့်ဆန်အောင် အကန့်အသတ်နဲ့ပဲ ရောင်းချပို့ဆောင် ပေးခဲ့တာ ဖြစ်ပါတယ်။ နှစ်အပိုင်း အခြား တစ်ခုမှာတော့ သူတို့ရဲ့ ရောင်းရတဲ့ ကားပမာဏက ၇,၀၀၀ လောက် အထိ ရောက်သွားခဲ့ ပါသေးတယ်။ ဒါပေမယ့် အခု နောက်ပိုင်း တော့ ဒီလို သတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ပြီလား ဆိုတာ စဉ်းစားစရာ ဖြစ်လာမယ့် ၂၀၂၁ ရောင်းအား ပမာဏ ထွက်ပေါ်လာတဲ့ အချိန် မှာတော့ အစီးရေ ပေါင်း ၁၁,၁၅၅ စီး နဲ့ စံချိန်သစ် တင်နိုင်ခဲ့တာပါ။

Photo Credit: MotorAuthority

ဒီပမာဏ ကတော့ ကိုဗစ် ကပ်ရောဂါ ကန့်သတ်ချက် တွေကြောင့် ကျဆင်းခဲ့ရတဲ့ ၂၀၂၀ ရောင်းအားထက် ၂၂ % အထိ မြင့်တက်ခဲ့တာဖြစ် ပြီး ကိုဗစ်မတိုင်ခင် ၂၀၁၉ ကထက်လည်း ၁၀ % မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို မြင့်မား လာတဲ့ ရောင်းအားအပိုင်းထဲမှာ ပရိသတ် စိတ်ဝင်စားမှုမြင့်တက်နေတဲ့ Ferrari ရဲ့ Crossover ကား အရောင်းပိုင်း တောင် မပါဝင်သေးပဲ အခုနှစ် နှောင်းပိုင်းလောက်မှာ ထွက်ပေါ် လာမယ့် Purosangue Crossover  ကားနဲ့ဆိုရင် ပိုပြီးတော့တောင်မှ ရောင်းအားက ထောင်တက်လာဖို့ ရှိနေပါသေးတယ်။ တကယ်တော့ ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ကားရောင်းရတဲ့ အကျိုးအမြတ်တွေကို ပိုပြီးတက်လာအောင် အတိုးနှုန်းတွေ ၊ အခွန်ငွေတွေနဲ့ အခြားသော ငွေကြေး ပိုင်းဆိုင်ရာတွေအရ သေချာကို ချိန်ညှိ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး အခု ၂၀၂၂ မှာလည်း $ 1.86 Billion နဲ့ $ 1.92 Billion အကြား တန်ဖိုးရှိ နေမှာပါ။ ဒီပမာဏ ကတော့ ၂၀၂၁ ရဲ့ $ 1.73 Billion ထက်စာရင် ပိုတောင် တိုးတက် လာပါသေးတယ်။

Photo Credit: MotorAuthority

ကုမ္ပဏီ ရဲ့ ၂၀၂၁ အတွင်း ရောင်းအား အကောင်းဆုံး ကားတွေထဲမှာတော့ V8 အင်ဂျင်နဲ့ ကားတွေ ဖြစ်ခဲ့ပြီး အထူး သဖြင့် Roma နဲ့ SF 90 Stradale ကားတွေ ဖြစ်ပါတယ်။ ဒါ့အပြင် 458 Italia အပေါ်မှာ အခြေခံထားခဲ့တဲ့ F8 Tributo ကားကလည်း ရောင်းအားကောင်းခဲ့ ပြီး အဆိုပါ ကားကိုတော့ နောက်ပိုင်းမှာ V6 အင်ဂျင်သုံး 296 GTB နဲ့ အစားထိုးဖို့ ရှိပါတယ်။ V8 Model တွေရဲ့ ရောင်းအားနဲ့တင် ၃၅ ရာခိုင်နှုန်း လောက်အထိ တိုးတက်လာခဲ့တာ ဖြစ်ပြီး V12 တွေရဲ့  ရောင်းအားကတော့ ၁၆ ရာခိုင်နှုန်းလောက် ကျဆင်း ခဲ့ရပါတယ်။ အကြောင်းကတော့ ပြီးခဲ့တဲ့ နှစ် ထဲမှာပဲ 812 Superfast တွေကို စတင် ဖယ်ထုတ်ခဲ့လို့ပဲ ဖြစ်ပါတယ်။ ကားရောင်းချရတဲ့ ဈေးကွက်တွေ တိုင်းမှာ တော့ အတော်လေးကို ရောင်းအားတက် ခဲ့တာဖြစ်ပြီး ဥရောပ ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ဒေသတွေမှာ ဆိုရင် အစီးရေ ၅,၄၉၂ စီး နဲ့ ၁၄ % အထိ ရှိခဲ့ပါတယ်။ ‌အမေရိက ဒေသမှာ ဆိုရင်တော့ ၂,၈၃၁ စီးနဲ့ ၂၂ % အထိကို မြင့်တက်လာခဲ့တာ ဖြစ်ကာ တရုတ် ဈေးကွက် ဆိုရင်လည်း အစီးရေ ၈၉၉ စီး အထိ ရောင်းချခဲ့ ရတာကြောင့် ၉၇ % အထိကို အသီးသီး တိုးတက်လာခဲ့တာပဲ ဖြစ်ပါတယ်။ Ferrari ရဲ့ တစ်ခြားသော စိတ်ဝင်စားစရာ သတင်းတွေ အနေနဲ့ ဆိုရင်တော့ Scuderia ရဲ့ 2022 Formula One ပြိုင်ပွဲမှာ Ferrari F1-75 ကားနဲ့ ယှဉ်ပြိုင်မယ်ဆိုတာ သေချာ သွားပြီ ဖြစ်သလို အဆိုပါ ကားကတော့ ကုမ္ပဏီ ရဲ့ ၇၅ နှစ် မြောက် နှစ်ပတ်လည် အဖြစ် ထုတ် လုပ်ထားတာ ဖြစ်ကာ ဖေဖော်ဝါရီ လ ၁၇ ရက် နေ့မှာ ပထမဆုံး စတင်မြင်ရဖို့ ရှိနေပါတယ်။

Ref: MotorAuthority

Exit mobile version