MyCars Myanmar

၂ နှစ်ကြာအထိ အော်ဒါပြည့်သွားတာကြောင့် ကြိုတင်မှာယူမှု ရပ်ဆိုင်းလိုက်ရတဲ့ Ferrari Purosangue SUV!

နာမည်ကျော် Ferrari ရဲ့ Purosangue SUV ဆိုတာ ကားသတင်းတွေထဲမှာ ထိပ်တန်းရောက်ခဲ့ပြီး နာမည်ကြီးခဲ့တဲ့ ကားတစ်စီး ဖြစ်ပါတယ်။ အားလုံးရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ Ferrari ရဲ့ SUV ကားဟာ ပြီးခဲ့တဲ့ စက်တင်ဘာ လလယ်ပိုင်းမှာ စတင်မိတ်ဆက် အပြီးမှာတင်ပဲ အခုဆိုရင် အမှာစာတွေကို ခေတ္တဆိုင်းငံ့ထားလိုက် ရပြီလို့ သိရပါတယ်။ အဓိက ကတော့ ကုမ္ပဏီရဲ့ ကားသစ်အတွက် ကြိုတင်မှာယူမှုတွေက လုံးဝကို ကျော်လွန်သွားခဲ့တာ ကြောင့်ပဲ ဖြစ်ပါတယ်။

Photo Credit: motor 1.com

တစ်ဖက်က Lamborghini Urus တို့လိုမျိုး အဓိက ပြိုင်ဖက်ကား အမျိုးအစားတွေကလည်း မထုတ်လုပ် လာနိုင်သေးချိန်မှာ Ferrari က အခုကားကို အများအပြား ထုတ်လုပ်တာမျိုးထက် သီးသန့်ဆန်ဆန် ထိန်းထား စေချင်သေးတာ ဖြစ်ပါတယ်။ တကယ်တော့ အခု SUV ကားသစ်ကို ကုမ္ပဏီ ရောင်းအားရဲ့ ၂၀% ပမာဏလောက်မှာသာ ရှိစေဖို့ ရည်ရွယ် ထားတာ ဖြစ်ပေမယ့်လည်း အခုလို ကားသစ်ကြေညာပြီး ၂ လ ခွဲ လောက် အတွင်းမှာတင် မျှော်မှန်းပမာဏကို ကျော်လွန်လာခဲ့တာပါ။ အခုကြိုတင် မှာယူကြတဲ့ စာရင်းထဲ ပါနိုင်ခဲ့သူတွေ အဖို့ကတော့ ကားသစ်ကို ရနိုင်မယ်ဆိုပေမယ့်လည်း ၂ နှစ် ဆိုတဲ့ ကာလလောက် အထိကို ကြာမြင့်စွာ စောင့်ဆိုင်းကြရတော့မှာ ဖြစ်ပါတယ်။

Photo Credit: motor 1.com

တကယ်တော့ အဆိုပါကားဟာ ပြိုင်ဘက်တွေထက် ဈေးပိုများပြီး ယူကေ မှာဆိုရင် £ 313,120 လောက်အထိ ရှိတာကြောင့် Lamborghini Urus ထက် ၂ ဆ လောက်ကို ဖြစ်သွားတာပါ။ ဩစတြေးလျ ဈေးကွက် မှာ ဆိုရင်လည်း ဩစတြေးလျ ဒေါ်လာ ၇၂၈,၀၀၀ လောက် အထိကို ဈေးပေါက်တာ ဖြစ်ပြီး အမေရိက ဈေးကွက်အတွက် ဈေးမသိ ရသေးပေမယ့်လည်း $ 400,000 လောက် အထိကို ရှိနိုင်မယ်လို့ ခန့်မှန်းရပါ တယ်။ ကားသစ်တွေကိုတော့ အခုနှစ် မကုန်ခင်မှာတင် ထုတ်လုပ်လာမှာဖြစ်ပြီး ၂၀၂၃ လောက်မှာ မှာယူထားသူတွေထံ စတင်ပို့ဆောင်ပေးလာ နိုင်ပါတယ်။ အခု ကားသစ်ကတော့ V12 Engine တစ်မျိုးတည်းကိုပဲ သုံးထားတာဖြစ်ပြီး Platform က Hybrid သုံးလို့ ရတယ် ဆိုပေမယ့်လည်း ကားကတော့ အင်ဂျင်ကားပဲ ဖြစ်ပါတယ်။ ဝယ်လိုအားတွေ များနေပေမယ့်လည်း Ferrari တို့ကတော့ သူတို့ရဲ့ ကားသစ် အမျိုးအစားကို အစပိုင်းမှာတင် သီးသန့်ဆန်ဆန်နဲ့ အမြင့်ပိုင်းမှာ ရှိနေအောင် ထိန်းထားဦးမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version