MyCars Myanmar

တောင်ပံ ပုံစံ တံခါးတွေနဲ့ ပွဲထွက်လာတဲ့ DeLorean Alpha 5 လျှပ်စစ်ကားသစ် !

ကားလောကထဲမှာတော့ နာမည်ကြီးခဲ့တဲ့ ကားအဟောင်းတွေ တစ်ကျော့ပြန်လာတာမျိုးဆိုရင် လူတိုင်းက သဘောကျလေ့ ရှိပါတယ်။ ၂၀၀၀ ခုနှစ် အစောပိုင်း လောက်တုန်းက စတင်ခဲ့တဲ့ တတိယမြောက် မျိုးဆက် Dodge Challenger ကားတွေက စလို့ အခု လက်ရှိ မြင်နေရတဲ့ Acura Integra အသစ် တွေအထိကို ကားထုတ်လုပ်သူတွေ ကလည်း ကားဟောင်း တွေကို ပြန်လည် အသက်သွင်းတာကို ကြိုက်ကြတဲ့ ပရိသတ်တွေအတွက် အထာသိသိနဲ့ ဖန်တီး ခဲ့ကြတာတွေပဲ ဖြစ်ပါတယ်။ အခုဆိုရင်လည်း အလားတူ ကိစ္စတွေလိုမျိုး နောက် ထပ် Brand တစ်ခု ပါ တစ်ကျော့ပြန် ရောက်လာခဲ့ပါပြီ။ အဆိုပါ Brand ကတော့ DeLorean နာမည်ကြီး ကားဖြစ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက် နာမည်ကျော် DMC DeLorean ရဲ့ တစ်ကျော့ပြန်လာ ခဲ့မှုက အတော်လေး အပြောင်းအလဲ များ‌လာခဲ့ပြီး အထူးခြားဆုံး ကတော့ လျှပ်စစ်ကားသစ် ဖြစ်လာခဲ့တာ ပါပဲ။ အခု မေလ အစောပိုင်းမှာ ချပြခဲ့တဲ့ အဆိုပါ ကားသစ် Alpha 5 ရဲ့ ပုံရိပ်တစ်ချို့ အရတော့ ကားသစ်မှာ တော်တော်လေးကို ပုံစံတွေ ပြောင်းလဲ ဆန်းသစ်လာမယ် ဆိုတာ သေချာ ကြိုသိခဲ့ရပါတယ်။

Photo Credit: CARBUZZ

Italdesign က ဖန်တီးထားတဲ့ အဆိုပါ ကားမှာ ဆိုရင်တော့ Gullwing Doors လို့ အမည်ရတဲ့ အပေါ်ကို လှန်ဖွင့်ရတဲ့ အတောင်ပံ ပုံစံ တံခါးတွေကို သုံးထားတာက ထူးခြား ပါတယ်။ အထူးသဖြင့် တကယ့်ကို ခေတ်လွန်နည်းပညာ ပိုင်း တွေကို ဖော်ကျူးထားနိုင်တဲ့  ဒီဇိုင်းလို့ ပြောရမှာဖြစ်ပြီး ဟိုးယခင်မူလ DMC 12 ထက်စာရင်တော့ အတော်လေးကို ခေတ်တွေ ပြောင်းလဲသွားပြီ ဆိုတာ မြင်သာစေတဲ့ ဒီဇိုင်း လည်း ဖြစ်ပြန်ပါတယ်။ ဒါ့အပြင် Lines လေးတွေကလည်း ကားနဲ့အတူ အတော်လေးပြေပြစ်တဲ့ အသွင်ဖြစ်တာကြောင့် ဇိမ်ခံ GT ကား လေး တစ်စီးလိုတောင် ဖြစ်နေပါတယ်။ အရှေ့ဘက်က ခပ်ဝိုင်းဝိုင်းပုံစံနဲ့ Headlight ခပ်သေးသေးတွေကလည်း Lucid Air Sedan လို ကားမျိုးရဲ့ ပုံစံ‌နဲ့တောင် ဆင်တူနေကာ တာဘိုင်ပုံစံ ကားဘီးတွေနဲ့ အနောက်ဘက် တံခါးပေါ်က Louvers တွေက တကယ်သိသာတဲ့ ပြောင်းလဲ မှုတွေပဲ ဖြစ်ပါတယ်။ ကားရဲ့ အနောက်ဘက်ပိုင်းမှာ ဆိုလည်း ကန့်လန့်ဖြတ် ထည့်ထားတဲ့ မီးရောင်တွေ ကိုမှ DeLorean ဆိုတဲ့ နာမည်လေးကိုပဲ ခပ်လှလှထည့်ပေးထားပါတယ်။ တံခါး ၂ ချပ်လုံးကတော့ အတော်လေးကိုကြီးမားပြီး အတွင်းအပြင်ကြိုက်သလို လှန်တင် ဖွင့်နိုင်တဲ့ အသွင်ကြောင့် အနောက်ဘက် ခရီးသည်တွေ အတွက် လည်း အဆင်ပြေနိုင် ပါတယ်။ အနောက်ဘက်မှာလည်း ထိုင်ခုံကို ထိုင်ခုံတန်းပုံစံ ထည့်မယ့်အစား သီးသန့် ထိုင်ခုံ တစ်လုံးစီ ထည့်ပေးထားတာပဲ ဖြစ်ပါတယ်။

Photo Credit: CARBUZZ

အတွင်းခန်းရဲ့ အခြားသော အစိတ်အပိုင်းတွေ အတော်များများမှာ ဆိုရင်တော့ အဓိက Touchscreen နဲ့ ယာဉ်မောင်း အတွက် မျက်နှာပြင် နောက်တစ်ခုတို့နဲ့အတူ ခေတ်မှီပါတယ် ဆိုတဲ့ အသွင်အပြင် တွေကိုချည်းပဲ မြင်တွေ့ ရတော့မှာ ပါ။ လျှပ်စစ် စွမ်းအင် သုံးထားမယ့် ကားတစ်စီး ဖြစ်တာကြောင့် တစ်ဖက်က လျှပ်စစ် စွမ်းအင်သုံး Porsche Taycan လို နာမည်ကျော်ကားနဲ့ လည်း အဓိကပြိုင်ဖက် ဖြစ်လာ နိုင်ပါတယ်။ အချိန် ခရီးသွား ရုပ်ရှင်ထဲက နှုန်းအတိုင်း ဒီကား ကို တစ်နာရီ ၀ မိုင် ကနေ ၈၈ မိုင်အထိ အရှိန်တင်မောင်းရတဲ့ ကြာချိန်ကို စမ်းကြည့်လိုက်မယ်ဆိုရင်တော့ ၄.၃၅ စက္ကန့် ပဲ ကြာမြင့်တာဖြစ်ပြီး ပုံမှန်အတိုင်း တစ်နာရီ မိုင် ၆၀ နှုန်းကို တင်နိုင်ဖို့ ဆိုရင်တော့ ၂.၉၉ စက္ကန့်ပဲ ကြာမြင့်မှာ ဖြစ်ကာ တစ်နာရီ ၁၅၅ မိုင် ဆိုတဲ့ အမြင့်ဆုံး မြန်နှုန်း ကိုလည်း ရလာမှာပါ။ ကားမှာ တော့ 100 kWh ထက် များတဲ့ ဘက်ထရီ သုံးလာဖို့ မျှော်လင့် ရတာကြောင့် တစ်ခါ အားသွင်းထားရင် မိုင် ၃၀၀ ကျော်လောက် အထိကို သွားလို့ ရနိုင်ပါတယ်။ ၁၀၀ % အသေးစိတ် အတည်မပြုနိုင်သေးတဲ့ အချက်အလက်တွေ ဖြစ်တာကြောင့် တကယ်တမ်း ဈေးကွက်ထဲ ရောက်လာတဲ့ အခါမှာ ဆိုရင်လည်း အပြောင်းအလဲတွေတော့ ရှိလာနိုင်ပါသေးတယ်။ အခု ကားကတော့ DeLorean ရဲ့ သမိုင်းကြောင်း ကောင်းကောင်းကို ပြန်ပြီး မီးမောင်း ထိုးပြရုံတင် မကပဲ အနာဂါတ်မှာ ဖန်တီးချင်တဲ့ ခေတ်လွန် ကားသစ် တွေရဲ့ လမ်းကြောင်းကိုလည်း စတင်ဖောက်ပေး လိုက်သလိုပါပဲ ဆိုပြီး ကုမ္ပဏီ ရဲ့ အရောင်းပိုင်း အဓိက တာဝန်ခံ Troy Beetz က ပြောကြားထား ပါတယ်။ CEO ဖြစ်သူ Joost De Vries ကတော့ ကားကို စိတ်ကြိုက် မောင်းချင်သူတွေ အတွက် အသင့်တော်ဆုံး ကားဖြစ်မယ်လို့ ဖော်ညွှန်းထားပါတယ်။ ဒါကြောင့် Tesla လိုမျိုး တစ်ပြေးတည်း အရှိန်သတ်မှတ်ထားမယ့် ကားမျိုးထက်စာရင် လျှပ်စစ် ကားတစ်စီး ဖြစ်ပေမယ့်လည်း Porsche Taycan လို Sports ကားအရသာကို ခံစားမောင်းနှင်နိုင်မယ့် သဘော ဖြစ်တယ်လို့ ခန့်မှန်းလို့ ရနိုင်ပါတယ်။ အဆိုပါ ကားသစ် ကိုတော့ လာမယ့် ဩဂုတ် လထဲမှာကျင်းပမယ့် Pebble Beach Concours d’Elegance ပွဲကြီးထဲမှာ အများပြည်သူကို စတင်ချပြသွားမှာဖြစ်ပြီး လာမယ့် ၂၀၂၄ အရောက်မှာတော့ စတင် ရောင်းချ လာနိုင်ပါတယ်။ ဒါပေမယ့် ဈေးနှုန်းပိုင်းကတော့ မသိရသေးတာကြောင့် ဆက်လက် စောင့်ကြည့်သွားရတော့မှာပဲ ဖြစ်ပါတယ်။

Ref: carbuzz.com

Exit mobile version