MyCars Myanmar

ကာရာအိုကေနဲ့ ဂစ်တာ တို့ပါ ကားထဲတစ်ပါတည်း ပါလာတဲ့ BYD Yuan Plus ကားတစ်စီး!

တရုတ်ရဲ့ လျှပ်စစ်ကားဈေးကွက် ကတော့ ကမ္ဘာပေါ်က ဘယ်ကားဈေးကွက်နဲ့မှမတူပဲ အတော်လေး တစ်မူ ထူးခြား တိုးတက်လို့ နေပါတယ်။ Tesla လိုနာမည်ကြီး လျှပ်စစ်ကားကုမ္ပဏီတွေအပြင် အခြားသော တရုတ် ပြည်တွင်းက ကုမ္ပဏီ အသစ်တွေကလည်း နေရာရလာနေကြပါတယ်။ အဆိုပါ ကုမ္ပဏီတွေထဲမှာ အင်အား ကောင်းကောင်းနဲ့ ရှိ နေတဲ့ ကုမ္ပဏီ တစ်ခုကတော့ Build Your Dreams လို့ အမည်ပေးထားတဲ့ BYD ကား ကုမ္ပဏီပါပဲ။ အခု ဆိုရင်လည်း သူတို့ရဲ့ နောက်ဆုံးပေါ် လျှပ်စစ်ကားသစ်တစ်စီး Yuan Plus ကို ချပြ လိုက်ပြီဖြစ်ကာ ထူးထူးခြားခြားတီထွင် ဖန်တီး‌မှုတွေတော့ ပါလာတာ တွေ့ရပါတယ်။

Photo Credit: motor 1.com

ကားကို အပြင်ပိုင်းကနေပဲ ကြည့်မယ်ဆိုရင်တော့ ကိုယ်ပိုင်ဟန်သိပ်မရှိတဲ့ သာမန်တရုတ်လျှပ်စစ် ကား တစ်စီးလို့ပဲ ထင်မြင်မိပါ‌လိမ့်မယ်။ အခုဆိုရင်တော့ YouTube Channel တစ်ခုဖြစ်တဲ့ Wheelsboy ကနေ တက်လာတဲ့ Video တစ်ခုအရဆိုရင်တော့ ကားကို အတော်လေး အသေးစိတ်မြင်လိုက်ရပြီ ဖြစ်ပါတယ်။ ဒီကရလာတဲ့ ပုံတွေကို ကြည့်မယ် ဆိုရင်တော့ အပြင်ပိုင်းထက်စာရင် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းနေတာ ကတော့ ကားသစ်ရဲ့ အတွင်းခန်းပြင်ဆင်မှုတွေ ဖြစ်လို့ နေပါတယ်။ တစ်ချို့ဆိုရင်လည်း ခပ်ဆန်းဆန်း နဲ့ သာမန်ကားတစ်စီးမှာ မြင်ရဖို့မဖြစ်နိုင်တဲ့ BYD ကုမ္ပဏီ ရဲ့ မူပိုင် Feature တွေကိုပါ မြင်ရပါလိမ့်မယ်။ အခု ကားဒီဇိုင်းကတော့ Dragon Face 3.0 ဆိုတဲ့ ဒီဇိုင်းကိုယူထားတာဖြစ်ပြီး အတွင်းခန်းကတော့ ဂီတရဲ့အငွေ့ အသက်တွေနဲ့ ပြည့်နေပါလိမ့်မယ်။ အပြင်ပန်းကကြည့်တာထက် ကား အတွင်းထဲကို ဝင်ကြည့်လိုက်တော့မှ သာလျှင် အဆိုပါ အရသာကို ကောင်းကောင်းကြီး ခံစားနိုင်မှာပါ။ ဥပမာ တစ်ချို့ ပြရမယ် ဆိုရင်တော့ လှည့် လို့ရတဲ့ ကားရဲ့ အလယ် Screen တည့်တည့်အောက်က Air Vents တွေဟာ ဆိုရင် Dumbbells တွေနဲ့ တူနေခဲ့ပြီး တံခါး Panel တစ်ခုချင်းစီမှာဆိုရင်လည်း Cords ကြိုးပုံစံလေးတွေကို မြင်ရမှာ ဖြစ်ကာ သူတို့ကို ဖြည်းဖြည်းချင်း ထိလိုက်မယ်ဆိုရင် အသံ မျိုးစုံတောင် ထွက်ပါသေးတယ်။

Photo Credit: motor 1.com

ဒါပေမယ့် အခု ကားထဲက အထူးခြားဆုံးကို ပြပါဆိုရင်တော့ ကားမှာ နဂိုကတည်းက ပါဝင်လာတဲ့ ကာရာ အိုကေပါပဲ။ ကားရဲ့ အရှေ့ဘက် အလယ် ခေါင်တည့်တည့်မှာရှိတဲ့ Armrest အောက်ကနေ မိုက်ကရိုဖုန်းကို ထုတ်ပြီး ကားရဲ့ အသံ စနစ်ကနေတစ်ဆင့် အကြိုက်ဆုံး သီချင်းတွေကို အားရပါးရ အော်ဆို နိုင်ပါလိမ့်မယ်။ သေချာတာကတော့ မြင်ဖူးသမျှ ကားအသစ်တွေထဲ အထူးခြားဆုံး လုပ်ဆောင်ချက် တစ်ခုပဲ ဆိုတာတော့ သေချာပါတယ်။ တကယ်တော့ အခု ကားက သူ့ရဲ့ အတွင်းခန်း လုပ်ဆောင်ချက်တွေမှာ ဆန်းသစ်ထားပေ မယ့် စွမ်းဆောင်ရည်ပိုင်း အရမ်းကောင်းလွန်းနေတဲ့ ကား တစ်စီးတော့ မဟုတ်ပါဘူး။ တစ်နာရီကို ၀ ကနေ ၆၂ မိုင်နှုန်း အရှိန်တင်မောင်းနိုင်ဖို့ အတွက် ၇.၃ စက္ကန့် လောက် အထိ အရှိန်ယူရတဲ့ ကားဖြစ်သလို အခုမြင် ရတဲ့ ကားမှာ ဆိုရင်တော့ လျှပ်စစ်မော်တာတစ်လုံးတည်း တပ်ဆင်ထားတာဖြစ်ပြီး စွမ်းဆောင်ရည်ကလည်း 201 hp အထိပဲ အမြင့် ဆုံးရနိုင်ပါလိမ့်မယ်။ ဒါပေမယ့်လည်း ဘက်ထရီ ရွေးချယ် နိုင်မှုအပေါ်မူတည်ပြီး တော့ ၂၆၇ မိုင်ကနေ ၃၁၇ မိုင်အကြား Range တွေ အထိရနိုင်တဲ့ကားဖြစ်တာကြောင့် မဆိုး လှဘူးလို့တော့ ဆိုရမှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version