MyCars Myanmar

အသစ် မထွက်လာနိုင်တော့တဲ့ မျိုးဆက်သစ် BMW X4!

2022 ခုနှစ်ထဲ အထိတော့ နာမည်ကျော် BMW တို့ရဲ့ ကား Lineup တွေ လုံးဝလျော့ကျသွားတာမျိုး မရှိသေးပဲ ဆက်ပြီး အမျိုးအစား စုံစုံလင်လင် ထုတ်လုပ်ပေးနေဆဲ ဖြစ်ပါတယ်။ လျှပ်စစ်သီးသန့် iX1 နဲ့တရုတ် ဈေးကွက် သီးသန့် Long Wheelbase အမျိုးအစား X5 ကားသစ်တို့ကိုလည်း မကြာသေးခင် ကမှ မြင်တွေ့ခဲ့ရပြီး XM ကားသစ် နဲ့အတူ X Model တွေထဲ ဦးဆောင်တဲ့နေရာ ရောက်လာပါတယ်။ ဒါပေမယ့် အဆိုပါ ကားတွေထဲကမှ လတ်တလော ဆက်ပြီး မြင်တွေ့ရဖို့ မရှိတော့တဲ့ ကားတစ်စီး အကြောင်းလည်း သတင်းထွက်လာ ပါသေးတယ်။ အဲ့ဒါကတော့ X3 ကားကိုမှ Coupe ပုံစံပြောင်းပြီး ပွဲထွက်ထားတဲ့ X4 Model ဖြစ်ကာ အခုမျိုးဆက် အတွက် လုံးဝ ဆက်မရနိုင် တော့တာဖြစ်ပြီး အထူးသဖြင့် သာမန် အင်ဂျင်နဲ့ အမျိုးအစားကို မရနိုင်တော့တာပါ။ BMW Blog သတင်းကနေ ဂျာမနီ ကားသတင်းတွေ အကြောင်းဆိုရင် မှန်ကန် လေ့ရှိတဲ့ Bimmer Post ကနေ ယူဆောင် ဖော်ပြထားချက် အရတော့ ကုမ္ပဏီဟာ အခုကားရဲ့ ရှေ့လျှောက် Internal Combustion Engine နဲ့ပဲ ဆက်သွားမယ့် အနေအထား ကို မလိုချင်တာ ဖြစ်တယ်လို့ သိရပါ တယ်။ တကယ်ကတော့ Sports ဆန်တဲ့ Coupe တစ်စီးအဖြစ် BMW X4 မျိုးဆက်သစ်ကို G46 ဆိုတဲ့ Codename တောင် ရထားခဲ့ပြီး ဖြစ်ပေမယ့် လတ်တလောမှာတော့ ထုတ်လုပ်ဖို့ ဖြစ်မလာနိုင်တော့တာ ဖြစ်ပါ တယ်။

Photo Credit: motor 1.com

ဒါပေမယ့် အဆိုပါ X4 ဆက်မထွက်လာမယ့် ကာလတွေ အတွင်းမှာ လျှပ်စစ်မျိုးကွဲ iX4 ကိုတော့ ထုတ်လုပ်ပေးဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပြန်ပါတယ်။ အဆိုပါ ကားကိုတော့ လောလောဆယ်မှာ NA7 လို့ အမည်သိထား ရပြီး လာမယ့် နိုဝင်ဘာ ၂၀၂၆ လောက်မှာ တည်ဆောက်ပြီးစီးမယ့် ဟန်ဂေရီနိုင်ငံ က Debrecen စက်ရုံသစ်ကြီးကနေ ထုတ်လုပ်ပေးလာ နိုင်ပါတယ်။ တကယ်သာ ဆိုရင်တော့ အဆိုပါကားကို Neue Klasse Platform ပေါ် အခြေခံ ဖန်တီးပေးလာနိုင်ပြီး Range နဲ့ ဘက်ထရီအားသွင်း မြန်နှုန်းတွေကို လက်ရှိ ကားတွေထက် ၃၀% လောက် ပိုမြန် အောင် လုပ်ပေးလာနိုင်ဖို့ ရှိနေပါတယ်။ အဆိုပါ ဘက်ထရီတွေက အတော်လေးကို အလားအလာ ကောင်းနေတာ ဖြစ်ပြီး BMW ရဲ့ အဆိုအရတော့ အလေးချိန်ကိုပါ ၂၀% လောက် အထိ လျှော့ချပေးနိုင်ပါလိမ့်မယ်။ ဒါ့အပြင် ကာဗွန် ထုတ်လုပ်မှု ပမာဏကလည်း ယခင်ကားတွေနဲ့ ယှဉ်ရင် ၆၀% အထိ ကို လျှော့ကျသွားတော့မှာ ဖြစ်ပါတယ်။ အခုလို မျိုး ကားသစ်မှာ မျိုးဆက်သစ် ဘက်ထရီအသစ်တွေကို သုံးထားမှာ ဖြစ်တာကြောင့် ကားတွေဟာ ဆယ်စုနှစ် တစ်ခု စာလောက် ‌သုံးပြီးရင်တော့ စွမ်းဆောင်ရည်အားဖြင့် ၈၀% လောက်အထိ ကျန်နေဦးမယ်လို့ သိရပါတယ်။

Photo Credit: motor 1.com

ဘယ်လိုပဲ ဖြစ်ဖြစ် အခုလို ထွက်ပေါ်လာတဲ့ အတွင်း သတင်းတွေသာ မှန်ကန်ခဲ့မယ် ဆိုရင်တော့ BMW X4 Model အတွက် သတင်းကောင်း မဟုတ်ဘူးလို့ပဲ ဆိုရမှာပါ။ တကယ်တော့ X4 ကားရဲ့ ဓာတ်ဆီရော ၊ ဒီဇယ်ကားတွေပါ လုံးဝ အပြီးသတ် ထုတ်လုပ်မှု ရပ်နားလိုက်တော့မယ် ဆိုရင်တကယ် အံ့အားသင့်စရာ ဖြစ်လာမှာ ဖြစ်ပြီဝယ်ယူ သူတွေဘက်ကတော့ လတ်တလော ဈေးကွက် အခြေအနေအတိုင်း ဇိမ်ခံအရသာ ကောင်းကောင်းလိုချင်ရင်တောင် Crossover တွေဘက်ကို ခြေဦးလှည့်ကြဦးမှာတော့ သေချာပါတယ်။ G02 X4 ကားဆိုရင် လွန်ခဲ့တဲ့ ၂၀၁၈ ကတည်းက စတင် ထွက်ရှိထားခဲ့တာဖြစ်ပြီး နှစ်ပေါင်းအတန်ကြာအောင် Lineup ထဲ ရှိနေခဲ့တာပါ။ အခု အနေအထားအရတော့ X4 ကား အတွက် သာမန်အင်ဂျင်နဲ့ လျှပ်စစ်မျိုးကွဲ အသစ်တို့အကြား အားပြိုင်ပွဲတစ်ရပ်လို ဖြစ်လာနိုင်တာပါပဲ။ ဒါပေမယ့် တစ်ဖက်မှာတော့ X3 ကားအတွက် စိုးရိမ်ဖို့ မရှိသေးပဲ မျိုးဆက်သစ်ကိုမှ သာမန် အင်ဂျင် ကားအနေနဲ့ရော လျှပ်စစ် မျိုးကွဲ အနေနဲ့ပါ ထွက်လာဖို့ သေချာသလောက် ရှိထားပြီး ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version