MyCars Myanmar

တောင်တက် ကားအမောင်းပြိုင်ပွဲမှာ McLaren ကို အနိုင်ယူသွားတဲ့ BMW i4!

ကားမောင်း ပြိုင်ပွဲတွေမှာ အစဉ်အလာ ကောင်းတွေကို ပိုင်ဆိုင်ထားတဲ့ နာမည်ကြီး BMW တို့ကတော့ လျှပ်စစ်ကား ကုမ္ပဏီ အဖြစ် အနာဂါတ်မှာ ပြောင်းလဲသွားရင်တောင် ဒီ အစဉ်အလာကိုတော့ သေချာပေါက် ဆက်ထိန်းထားနိုင်မှာပါ။ လျှပ်စစ်ကားတွေတင် ကောင်းကောင်းထုတ်လာနိုင်တာမဟုတ်ပဲ အခုဆိုရင် သူတို့ ရဲ့ M Division ကားတွေအတွက်ပါ နောက်ထပ်ဂုဏ်သတင်းမွှေးစရာ ကိစ္စတစ်ခုတော့ တောင်အာဖရိက ဒေသကနေ ကြားလိုက်ရပါတယ်။ အဲ့ဒါကတော့ i4 M50 ကားကနှစ်စဉ်ကျင်းပနေတဲ့ Simola တောင်တက် ကားမောင်းပြိုင်ပွဲမှာ စံချိန်သစ် တင်လိုက်တယ် ဆိုတာပါပဲ။ BMW i4 မှာတော့ All-Wheel Drive စနစ် အပြင် လျှပ်စစ်မော်တာ ၂ လုံးလည်းပါသေးတာကြောင့် 536 hp နဲ့ 586 lb-ft Torque အထိကို စွမ်းဆောင် ထားနိုင်တာဖြစ်ပါတယ်။ ဒါတင်မကပဲ တစ်နာရီ မိုင် ၆၀ နှုန်းကိုလည်း ၃.၇ စက္ကန့် အတွင်းမှာတင် အရှိန်တင် မောင်းပြနိုင်ပြီး အမြင့်ဆုံးအရှိန်ဆိုရင်လည်း တစ်နာရီ ၁၃၀ မိုင်အထိ ရှိပါတယ်။ အခုလို စွမ်းဆောင်ရည်တွေ ကပဲ ဒီပြိုင်ပွဲရဲ့ စံချိန်သစ်ကို တင်နိုင်ခဲ့တာဖြစ်ပြီး ၁.၁၈ မိုင် ပြေးလမ်းကြောင်းကို ၄၉.၂၃၁ စက္ကန့်နဲ့ မောင်းပြ နိုင်ခဲ့တာကြောင့် လျှပ်စစ် ဒါမှမဟုတ် Hybrid ကားတွေရဲ့ တောင်တက်စွမ်းရည် မှာတော့ စံချိန်သစ်ကို ရရှိခဲ့တာပါ။

 

BMW တို့ စံချိန်သစ် တင်နိုင်ခဲ့တယ် ဆိုပေမယ့်လည်း ပြိုင်ဘက်တွေက အရမ်းကြီးစိန်ခေါ်မှုကြီးမား နေတာ မျိုးတော့မဟုတ်ဘူးဆိုတာ သတိပြုရပါလိမ့်မယ်။ Hybrid နဲ့ EV တွေဖြစ်တဲ့ A 8 Class ထဲက ယာဉ်မောင်း ၂ ယောက် ဆိုရင် Mk 7 VW e-Golf ကားတွေကို မောင်းကာ ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပေမယ့် သူတို့ကားတွေရဲ့ စွမ်းဆောင်ရည်က 134 hp ပဲ ရှိခဲ့တာပါ။ တကယ့် ကျွမ်းကျင် ပညာရှင်တွေ ကိုယ်တိုင် မောင်းပြတာက လွဲလို့ အဆိုပါ ကားတွေဟာ ပြိုင်ပွဲမှာ ၁၀ စက္ကန့် လောက် အထိကို နှေးပြီးမှ ပန်းဝင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ သာမန်လမ်းနဲ့ Supercar Final ပွဲစဉ်တွေမှာ ဆိုရင် တော့ i4 ရဲ့ စွမ်းဆောင်ရည်က 750 hp ရှိ Mustang Shelby Terlingua နဲ့ McLaren 12C Spider တို့ အကြားမှာ ရပ်တည်နိုင်ခဲ့တာပါ။ BMW ကတော့ သူတို့ ရဲ့ကား Lineup တွေထဲ စွမ်းဆောင်ရည် ကောင်းတွေကို ကျယ်ကျယ် ပြန့်ပြန့် ရွေးချယ်နိုင်စေဖို့ ရည်ရွယ်ပြီး လျှပ်စစ်ကားတွေကို အဆင့်မြှင့်တင် ထုတ်ပေးနေတယ်လို့ ဆိုထားပါတယ်။ အခု Simola ပွဲကြီးမှာ ပြသခဲ့ တဲ့ BMW i4 M50 နဲ့ BMW M4 Competition ကားတွေရဲ့ စွမ်းဆောင်နိုင်စွမ်းတွေက BMW M Series တွေဟာ သာမန်အင်ဂျင်နဲ့ပဲ ဖြစ်ဖြစ် လျှပ်စစ်စွမ်းအင်နဲ့ ပဲ ဖြစ်ဖြစ် တကယ်ကို ကောင်းတယ် ဆိုတာ ပြသ လိုက်တာပါပဲ ဆိုပြီး BMW Group တောင်အာဖရိက  ဆက်ဆံရေး တာဝန်ခံ Deena Govender က ဆိုထားခဲ့ ပါတယ်။

Photo Credit: CARBUZZ

အခုလိုမျိုး တောင်တက် ကားမောင်းပြိုင်ပွဲတွေ ဆိုတာ အဆန်းတော့ မဟုတ်ပေမယ့်လည်း လျှပ်စစ်ကား တွေက အခု လို ပွဲတွေအထိ လွှမ်းမိုးအနိုင်ယူ လာနိုင်တာကတော့ အတော်လေး သိသာတဲ့ တိုးတက်မှုတွေပဲ ဖြစ်ပါတယ်။ Tesla Model 3 ကို သေချာ ပြန်လည် အဆင့်မြှင့်တင်ထားတဲ့ ကားကလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သေးပြီး ထူးထူးခြားခြား နဲ့ အန္တရာယ်များတဲ့ ရလဒ်တွေတောင် ရခဲ့တယ်လို့သိရပါတယ်။ မနှစ်က New Hampshire မှာ ကျင်းပခဲ့တဲ့ Mt.Washington တောင်တက် ကားမောင်းပြိုင်ပွဲမှာ Model S Plaid လျှပ်စစ်ကားက အနိုင်ရသွား ခဲ့ဖူးပါသေးတယ်။ အခု ဖော်ပြခဲ့တဲ့ Simola တောင်တက် ကားမောင်း ပြိုင်ပွဲ ကိုတော့ တောင်အာဖရိကမှာ ရှိတဲ့ Knysna ‌ဒေသမှာ ကျင်းပ လေ့ရှိတာဖြစ်ပြီး အခု နှစ်ဟာဆိုရင် ပွဲပေါင်း ၁၂ ပွဲ အထိ မောင်းပြခဲ့တယ်လို့လည်း မှတ်တမ်းဝင် ခဲ့ပါသေးတယ်။ အခု နှစ် ပွဲကိုတော့ ကိုဗစ် ကပ်ရောဂါ ကန့်သတ်ချက်တွေကြောင့် ပရိသတ် အယောက် ၂,၀၀၀ အထိပဲ ကန့်သတ်ထား ပေမယ့် ယခင်နှစ်တွေက ပရိသတ် လုံးဝမပါပဲ ကျင်းပခဲ့ရတာတွေထက် စာရင်တော့ တော်သေးတယ်လို့ပဲ ဆိုရတော့ မှာပါ။

Ref: carbuzz.com

Exit mobile version