MyCars Myanmar

တရုတ်မှာ စမ်းသပ်မောင်းနှင်စဉ် မီးစွဲလောင်ခဲ့ရတဲ့ BMW i3 Sedan !

တရုတ် ဈေးကွက်ကတော့ အခြားသော ကမ္ဘာ့ဈေးကွက်တွေထဲမှာ မရသေးတဲ့ BMW i3 Sedan ကား အမျိုးအစားကို အရင်ဆုံး ရခဲ့တာဖြစ်ပြီး BMW အနေနဲ့ အခုကားနဲ့အတူ တရုတ်ဈေးကွက်ထဲက Tesla Model 3 ဆီကနေ ရောင်းအား တွေ ခွဲယူနိုင်ဖို့ ထိပ်တိုက် ပြင်ဆင်လာပါတယ်။ ဒါပေမယ့်လည်း အခု တရုတ်နိုင်ငံ ၊ Zhengzhou ဒေသမှာ နောက်ဆုံး စမ်းသပ်ခဲ့တဲ့ အဆိုပါ ကားစမ်းသပ်မှုမှာတော့ ရုတ်တရက် မီးစွဲလောင်ခဲ့ပြီး ကားထဲ ပါလာသူတွေလည်း အလျှင်အမြန် ပြေးထွက် ခဲ့ရပါတယ်။ ပုံမှာမြင်ရသလောက် ကတော့ ကားအောက်ဘက်မှာ မီးစွဲလောင်နေတာဖြစ်ပြီး Video ထဲမှာ လည်း မီးကပိုပိုကြီးလာပုံရကာ ကားတစ်စီးလုံးကို မီးစွဲမလောင်ပေမယ့် အဆိုပါတစ်နေရာထဲမှာပဲ မီးများလာခဲ့တာ ပါ။ သေချာတာကတော့ မီးလောင်တဲ့ နေရာကြောင့် ဒါဟာဘက်ထရီ လောင်တာမဟုတ်မှန်း သေချာပြီး ကားရဲ့ အနောက်ဘက် Traction Motor ရှိတဲ့ဘက်မှာ လောင်နေတာလည်း ဖြစ်ပါတယ်။

Photo Credit: InsideEvs

ဒါကြောင့်လည်း လျှပ်စစ်ကားတွေရဲ့ ဘက်ထရီတွေလိုမျိုး မီးလောင်ပြီ ဆိုတာနဲ့ တစ်စီးလုံးကို ပြန့်မသွားပဲ တစ်နေရာတည်းမှာ ဆက်လောင်နေတာ ဖြစ်နိုင်ပါတယ်။ ပုံမှန်လို ဘက်ထရီ လောင်တာသာဆိုရင်တော့ ယာဉ်တစ်စီးလုံးကို ရုတ်တရက် ကူးစက်လောင်ကျွမ်းသွား နိုင်တာပါ။ ကြည့်ရသလောက် ကတော့ အခု i3 ဖြစ်ရပ်မှာ အစိတ်အပိုင်း တစ်ချို့လောက်ပဲ ထိ ခိုက်သွားပုံရပြီး ပြန်လည် ပြင်ဆင်ရုံပဲ ဆိုပေမယ့် BMW ကိုယ်တိုင်နဲ့ ဆက်စပ်တာဝန်ရှိသူတွေ ကတော့ သေချာ စုံစမ်းစစ်ဆေး တော့မှာပဲ ဖြစ်ပါတယ်။ သတင်း တွေ အရတော့ အခု တရုတ် ဈေးကွက် သီးသန့် i3 Sedan ကားတွေကို ပြီးခဲ့တဲ့ လပိုင်း အထိ အစီးရေ ၁,၆၁၃ စီး အထိ ပို့ဆောင်ပေးထားခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ အရေအတွက်တွေ အရလည်း သိသာတာကတော့ BMW တို့ နဂိုမျှော်မှန်းထားသလိုမျိုး ပရိသတ်တွေကို စိတ်ဝင် စားအောင် မဆွဲဆောင်ထားနိုင်သေးပဲ Tesla Model 3 လွှမ်းမိုးလာနေတဲ့ ဈေးကွက်မှာ ထိပ်တိုက်မယှဉ်နိုင် ဖြစ်နေပုံ ရပါတယ်။

BMW i3 Sedan အသစ်ကိုတော့ လျှပ်စစ်မော်တာတစ်လုံးတပ် eDrive35L Model အနေနဲ့ပဲရောင်းချတာဖြစ်ပြီး 282 hp နဲ့ 295 lb-ft Torque အထိကိုစွမ်းဆောင်ထားနိုင်ပါတယ်။ ဘက်ထရီ အပိုင်းကတော့ 70.3 kWh ရှိပြီး တစ်ကြိမ် အားသွင်းထားရင် ၃၂၇ မိုင် အထိကို မောင်းနှင်တာလည်း ဖြစ်ကာ ဒီပမာဏကတော့ တရုတ်ဈေးကွက် ထဲက စံနှုန်းနဲ့ တွက်ချက်ထားတာလည်း ဖြစ်ပါတယ်။ ဥရောပ စံနှုန်းဖြစ်တဲ့ WLTP Cycle အရ ဆိုရင်တော့ တစ်ကြိမ်အားသွင်း ထားရင် ၂၅၀ မိုင် မောင်းနှင်နိုင်မှာ ဖြစ်တယ်လို့ ပြသနေတာပဲ ဖြစ်ပါတယ်။ အမေရိက စံနှုန်း EPA ထက် လျော့နည်းတဲ့ ဒီပမာဏကတော့ EPA မှာဆိုရင်လည်း တစ်မျိုးတော့ စွမ်းဆောင်ရည် အချက်အလက်တွေ ပြောင်းနိုင်ပြီး မီးစွဲလောင် ရတဲ့ အကြောင်းအရင်းကိုလည်း ဆက်လက် စောင့်ကြည့်ရဦးမှာပဲ ဖြစ်ပါတယ်။

Ref: InsideEvs

(19) ပိုက်ဆံရှိတောင်ဝယ်လိုမရတဲ့ အလန်းစားကားတွေအကြောင်း – YouTube

Exit mobile version