MyCars Myanmar

အခုဆယ်စုနှစ် အတွင်းမှာတင် ဟိုက်ဒရိုဂျင် ကားထုတ်လုပ် ရောင်းချနိုင်ဖို့ အလားအလာရှိနေတဲ့ BMW!

ဟိုက်ဒရိုဂျင် နည်းပညာ နဲ့ ပတ်သက်လာရင်တော့ BMW တို့က အခြား ကုမ္ပဏီတွေ အကြားမှာ အလားအလာ အရှိဆုံးတွေထဲကတစ်ခုအဖြစ် သတ်မှတ်ခံထားရဆဲပါပဲ။ အဆိုပါ Fuel-Cell အင်ဂျင်ပိုင်းတွေ အတွက် ကုမ္ပဏီဘက်က အလေးထားပြီး ဆက်လက် ကြိုးစားနေသလို တကယ်ကိုပဲ ဟိုက်ဒရိုဂျင်နဲ့ ကားသစ်ကို လာမယ့်နှစ် အနည်းငယ်မှာ တင်ပဲ ထုတ်လုပ်ရောင်းချ နိုင်တော့မယ်လို့ ရည်မှန်းရပါတယ်။ Rolls-Royce Spectre လျှပ်စစ် ကားသစ်ကို ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ပွဲမှာတင်ပဲ အခု ဟိုက်ဒရိုဂျင် ကားအကြောင်းကို BMW Group ရဲ့ CEO Oliver Zipse ကိုယ်တိုင် အတည်ပြု ပေးခဲ့တာဖြစ်ပြီး အခုဆယ်စုနှစ် အတွင်းမှာ တင်ပဲ အလားအလာ ကောင်းတဲ့ ဟိုက်ဒရိုဂျင် ကားစစ်စစ် တစ်စီးကို မြင်ရဖို့ရှိတယ်လို့ ဆိုခဲ့ပါတယ်။

Photo Credit: motor 1.com

Zipse ကတော့ သဘာဝပတ်ဝန်းကျင်ကိုလည်း မထိခိုက်စေပဲ လျှပ်စစ်ကားတွေလိုမျိုး အားပြန်သွင်းစရာ နေရာလည်း အခက်အခဲ ရှိနေမယ်ဆိုရင် အနာဂတ်မှာ ရွေးချယ်စရာ စွမ်းအင် ဟာဟိုက်ဒရိုဂျင်ပဲ ဖြစ်တယ် လို့ မှတ်ချက် ပြုခဲ့ပြီး သူတို့ ကိုယ်တိုင်လည်း ယုံယုံကြည်ကြည်နဲ့ ဖြစ်အောင် လုပ်ဆောင်နိုင်မယ်လို့လည်း ပြောကြားထားခဲ့ပါတယ်။ ဟိုက်ဒရိုဂျင် စွမ်းအင်အတွက် လိုအပ်မယ့် အခြေခံအဆောက်အဦတွေကလည်း လျှပ်စစ်စွမ်းအင် အတွက် လိုအပ်တာ ထက် ပိုလွယ်ကူ ရိုးရှင်းပြီး အားသွင်းဖို့ ကြိုးတွေထက် ဟိုက်ဒရိုဂျင် ကန်လေးတွေပဲ လိုအပ်တယ်လို့ သိရပါတယ်။ BMW အဆိုပါ နည်းပညာပိုင်းမှာ ရှေ့ဆောင်လမ်းပြဖြစ်ဖို့ ကြိုးစားခဲ့တာ ၁၉၇၈ ခုနှစ် ကတည်းကဖြစ်ပြီး ၂၀၀၀ ခုနှစ် မတိုင်ခင် မထိရောက်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ E38 750hL ဆိုတဲ့ ပထမဆုံး ကာ တစ်စီး ချပြနိုင်ခဲ့ပါတယ်။ လက်ရှိမှာတော့ BMW X5 ကား ကို ဟိုက်ဒရိုဂျင် စွမ်းအင်သုံး မျိုးကွဲအဖြစ် ထုတ်ပေးဖို့ စမ်းသပ်နေပြီး Zipse ပြောဆိုထားတာ ဒီကားလား ဒါမှမဟုတ် တစ်ခြား တစ်စီးစီးလား ဆိုတာကတော့ မသေချာသေးပါဘူး။

Photo Credit: motor 1.com

ဘယ်လိုပဲဖြစ်ဖြစ် BMW ဆီက ဟိုက်ဒရိုဂျင် စွမ်းအင်သုံးကားကို မြင်ရဖို့က သိသာတဲ့ တိုးတက်မှုတွေ ၊ မျှော်လင့် ချင်စရာတွေ ရှိလာနေပြီ ဖြစ်တာကြောင့် အနှေးနဲ့အမြန်တော့ အောင်မြင်လာနိုင်ပါတယ်။ ဒါပေမယ့် အခုမှ လျှပ်စစ် ကား အနေနဲ့ ပထမဆုံး ရောက်လာတဲ့ Rolls-Royce အတွက်ကိုတော့ ဟိုက်ဒရိုဂျင် ကားအဖြစ် ထွက်လာနိုင်မလား ဆိုတာကို အတည်မပြုနိုင်သေးပါဘူး။ ဘယ်လိုပဲ ပြောပြော မသေချာသေးတဲ့ အနာဂတ်တွေ အတွက်တော့ ကားလောကထဲမှာ ဟိုက်ဒရိုဂျင်စွမ်းအင် ဆိုတာကို တစ်ထောင့်တစ်နေရာကနေ မျှော်လင့်ထားရတော့မှာပဲ ဖြစ်ပါတယ်။

Ref: motor 1.com

Exit mobile version