MyCars Myanmar

၂၀၂၆ မှာ ရောက်လာမယ်လို့ ဆိုလာပြန်တဲ့ Apple ကား!

နည်းပညာ ကုမ္ပဏီကြီး Apple ရဲ့ ကားထုတ်လုပ်မယ့် စီမံကိန်းအကြောင်းကတော့ မကြာခဏကို သတင်းအစုံ ထွက်နေခဲ့တာဖြစ်ပြီး သေချာတာ တစ်ခုကတော့ ယခင်စပြောထားတုန်းကလိုမျိုး မောင်းသူမဲ့စနစ် အပြည့်အဝ ပါမလာနိုင်တော့ပဲ တရားဝင် မိတ်ဆက်ဖို့ကလည်း ခန့်မှန်းထားတာထက်ကို နောက်ကျလာတော့မှာပါ။ အခု ဆိုရင်လည်း နောက်ဆုံး သိထားရတဲ့ Bloomberg သတင်းအရဆိုရင် Apple ရဲ့ သူတို့ရဲ့ ကားကို လာမယ့် ၂၀၂၆ မှာ စတင် မိတ်ဆက်လာဦးမယ်လို့ သိရပြီး ဒီအတိုင်းသာ ဆိုရင်တော့ နဂို သတ်မှတ်ထားတာထက် တစ်နှစ်လောက်ကို နောက်ကျတဲ့ ပမာဏလည်း ဖြစ်နေပါတယ်။

Photo Credit: MotorAuthority

နောက်ကျရတဲ့ အဓိက အကြောင်းရင်းကတော့ အစပိုင်းတုန်းက ရည်ရွယ်ထားတဲ့ စတီယာတိုင်တွေ ၊ ခြေနင်း ပြားတွေ မပါပဲ ရွေးချယ်ဝယ်ရတဲ့ ပုံစံမျိုးကို ပြောင်းလဲ ထုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်တာကြောင်လို့ သိရပါတယ်။ ဒါကြောင့် အခု ဆိုရင်တော့ Apple ကားကို အစိတ်အပိုင်း စုံစုံလင်လင်နဲ့ပဲ ထွက်လာတာမြင်တွေ့ရနိုင်ပြီး မောင်းသူမဲ့ စနစ်ကတော့ အဝေးပြေး လမ်းမတွေ လောက်မှာပဲ အကန့်အသတ်နဲ့ အလုပ်လုပ် လာ နိုင်ပါတယ်။ Apple အနေနဲ့ ကတော့ သူတို့ရဲ့ ကားမှာ မောင်းနေမယ့် ယာဉ်မောင်းဟာ လိုအပ်တဲ့ အရေးပေါ် အခြေအနေတွေမှာ ကိုယ်တိုင် ထိန်းချုပ်တာကလွဲလို့ ကျန်အချိန်တွေမှာ တစ်ခုခုကို ကြည့်နေရင်း လုပ်စရာရှိတာတွေလုပ်ကာ ကားကို အလိုအလျောက် မောင်းထားစေဖို့ ရည်ရွယ်တာပဲ ဖြစ်ပါတယ်။ ဒီ အတိုင်းသာ ဆိုရင်တော့ SAE အဆင့် သတ်မှတ်ချက်အရ Level 4 အထိရှိတဲ့ မောင်းသူမဲ့ စနစ် ရှိရမှာဖြစ်ပြီး နောက်ဆုံးသော Level 5 ဆိုရင်တော့ လုံးဝကို လူသားထိန်းချုပ်စရာ မလိုတော့မယ့် အဆင့် ဖြစ်ပါတယ်။

Photo Credit: MotorAuthority

လက်ရှိမှာတော့ Apple က ကားရဲ့ Platform အတွက် အတူလက်တွဲ လုပ်ကိုင်မယ့် လုပ်ငန်းကို ရှာဖွေဆဲ ဖြစ်တာ ကြောင့် ကားဒီဇိုင်းကို ခန့်မှန်းခြေ အနေနဲ့တောင် မသိရသေးတာပါပဲ။ အခု ကားအတွက်ကို Project Titan လို့ အမည် ပေးထားပေမယ့်လည်း တကယ့် လက်တွေ့မှာတော့ Apple က သူတို့ ကားသစ်နဲ့ ပတ်သက်လို့ လူသိရှင်ကြား ထုတ် ပြောတာမျိုး မရှိသေးပါဘူး။ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာတော့ ကားနဲ့ပတ်သက် တဲ့ မူပိုင်ခွင့်ဖိုင်တွေတင်တာအပြင် ကားအပိုင်း ကျွမ်းကျင်ပညာရှင် ငှားရမ်းတာ မျိုးတွေကိုလည်း Apple တို့ လုပ်ခဲ့ပါသေးတယ်။ နည်းပညာ ကုမ္ပဏီ တွေထဲက ကားဘက်ကို ခြေလှမ်း လှမ်းနေတာ Apple တို့ တစ်ခုတည်းတင် မဟုတ်သေးပဲ နောက်ထပ် Alphabet ကုမ္ပဏီ ကလည်း Waymo ရဲ့ မောင်းသူမဲ့ တက္ကစီတွေ မြို့ပေါင်းများစွာစီ တိုးချဲ့နိုင်အောင် စီစဉ်နေပါတယ်။ တစ်ဖက် မှာလည်း တရုတ် နာမည်ကျော် Baidu က လာမယ့် ၂၀၂၃ မှာတင် အကြီးဆုံး Robotaxi ဝန်ဆောင်မှု တစ်ခုကို ပေးနိုင် ဖို့ ပြင်ဆင်နေပြန်ပါတယ်။ နာမည်ကြီး Sony တို့ကလည်း Honda နဲ့ပေါင်းပြီး လာမယ့် ၂၀၂၆ ကစလို့ လျှပ်စစ် ကားသစ်တွေ ဈေးကွက် ထဲဝင်ဖို့ ပြင်ဆင်နေတာဖြစ်လို့ စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Ref: MotorAuthority

Exit mobile version