MyCars Myanmar

ဇူလိုင် ၂၀ မှာ မျက်ဝါးထင်ထင် မြင်ရတော့မယ့် 2023 Honda Civic Type R ကားသစ်!

မျိုးဆက်သစ် Honda Civic Type R ရဲ့ Prototype အဆင့် စမ်းသပ်နေတာ တွေကို စမြင်ခဲ့ရတာ တစ်နှစ်လောက်ကို ကြာခဲ့ပြီဖြစ်ပြီး အခုတော့ စောင့်ဆိုင်းခဲ့ ရတာတွေ ကုန်လွန်ပါတော့မယ်။ Honda ရဲ့ တရားဝင် Teaser ပုံရိပ်တွေ ကိုလည်းပြီးခဲ့တဲ့ ၆ လ လောက် ကတည်းက စိတ်ဝင်စားဖွယ် မြင်နေခဲ့ရပြီး အခု နောက်ဆုံး ထပ်မြင်ရတဲ့ Teaser အရတော့ လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့မှာ တရားဝင် မိတ်ဆက်ပေးတော့မယ် ဆိုတာ သိလိုက်ရပါပြီ။ ဒါပေမယ့် မိတ်ဆက် မယ့် အဆိုပါ ၂၀ ရက်နေ့ ကတော့ ထူးထူးခြားခြားပဲ အပိုလို ၁၁ အာကာသယာဉ် လပေါ်ကို ဆင်းသက်နိုင် ခဲ့တဲ့ ရက်နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပြီး အခု ၂၀၂၂ ဆိုရင် ၅၃ နှစ်မြောက်တောင် ရှိပါပြီ။ ဒီရက်နဲ့ တိုက်ဆိုင်နေလို့ လပေါ် သွားမယ့် ဘယ်လိုပစ္စည်း နည်းပညာမျိုးပါ ‌ရှိနေသေးလဲတော့ မပြောတတ်သေး ပါဘူး။ လူသားတွေ လပေါ် ခြေချနိုင်ခဲ့တဲ့ သမိုင်းနဲ့ အခု ကားသစ် မိတ်ဆက်တာမျိုးကို ဘယ်လိုမှ နှိုင်းယှဉ်လို့ မရနိုင်တဲ့ ကားလောကထဲက နာမည်ကြီး Type R ကားကို လျှပ်စစ်ကားအဖြစ် အသွင်မပြောင်းခင် နောက်ဆုံးမြင်ရမယ့် ကားဖြစ်တာကြောင့် အတော် လေးတော့လည်း ထူးခြားတဲ့ မှတ်တမ်း ဖြစ်နေပြန်ပါတယ်။

တကယ်သာ ကားသစ် ထွက်ပေါ်လာရင် ဘာတွေမျှော်လင့်လို့ ရနိုင်မလဲ ကြိုပြီးကြည့်ကြ ရအောင်ပါ။ ကားသစ် ကတော့ ယခင်နဲ့ တူတဲ့ Front-Wheel Drive အနေနဲ့ပဲ ဆက်ရှိ နိုင်နေပြီး Honda ဘက်ကလည်း အတည်ပြုထားပြီး သား ဖြစ်ပါတယ်။ အဆိုပါ အတည်ပြုချက် ကိုတော့ ပြီးခဲ့တဲ့ဧပြီလ တုန်းက Suzuka မှာ FWD ကားနဲ့ စံချိန်သစ်တင်နိုင်ခဲ့တဲ့ အချိန်မှာ ပြောကြားခဲ့တာဖြစ်ပြီး အဆိုပါ စံချိန်ကတော့ လက်ရှိ မျိုးဆက် Civic Type R ထက် ၁ စက္ကန့် ပိုမြန် ခဲ့တာပါ။ ဒါပေမယ့် ဒီအချက်အလက်တွေ အရကြည့်မယ်ဆိုရင် အင်ဂျင်ပိုင်း အများကြီး တိုးတက် ပြောင်းလဲ လာတာ မျိုး မျှော်လင့်လို့ မရနိုင်လောက်ပဲ ယခင် သတင်း တွေ ထွက်ခဲ့တဲ့ 400 hp လောက် စွမ်းဆောင်ရည်ရှိ အင်ဂျင်ဆိုတာ ကြီးကလည်း မဖြစ်လာနိုင် လောက်ပါဘူး။

Photo Credit: motor 1.com

ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းက အွန်လိုင်းပေါ် ပေါက်ကြားလာတဲ့ ပုံတွေအရတော့ Type R ကားသစ်အတွက် အနက် ၊ အဖြူ ၊ မီးခိုး ၊ အနီ နဲ့ အပြာတို့ ဆိုတဲ့ အပြင် အရောင် ၅ ရောင် အထိ ထုတ်လုပ်ပေးလာမယ်လို့ သိရပါတယ်။ ဒါပေမယ့် ယခင် ‌မြင်နေကျ Phoenix Yellow အဝါရောင်ကို တော့ မမြင်ရသေးပဲ Special Edition Model အသစ် အနေနဲ့ ကွဲထွက်လာမှာလား ဆိုတာကတော့ ခန့်မှန်းရ ခက်နေပါသေးတယ်။ ဒီဇိုင်းပိုင်း အရကတော့ မျိုးဆက် ၁၁ ဆက် မြောက် Type R အနေနဲ့ အပြောင်းအလဲ ထူးထူးခြားခြားတွေ ရှိလာနိုင်တယ် ဆိုပေမယ့်လည်း ယခင် Type R တွေရဲ့ အရသာ မပျောက်သွားဖို့တော့ ပိုပြီး မျှော် လင့်ရပါတယ်။ ကားရဲ့ အရှေ့ဘက် Fascia မှာကြီးမားတဲ့ Vents တွေ နဲ့ အနောက်ဘက်မှာ ပိုကြီးတဲ့ အတောင်ပံ Wing တွေ ကတော့သေချာပေါက် ပါလာနိုင် ပါတယ်။ ယခင် မြင်ထားရတဲ့ Camouflage အုပ် စမ်းသပ်ကား အဆင့်တွေ အရတော့ ဒီဂျစ်တယ်ပုံကြမ်းကိုပါ ဖန်တီးထားနိုင်ပြီ ဖြစ်ပြီး ယခင် မျိုးဆက်နဲ့ လုံးဝ ကွဲသွားတာ မျိုးဖြစ်အောင်တော့ မဖန်တီးထား ကြည့်သေးတာ ဖြစ်ပါတယ်။ ဒီဂျစ်တယ် ပုံရိပ်ကြမ်းနဲ့ မြင်ထား သိထားရတဲ့ အချက်အလက်တွေ တကယ်တမ်း ရော ဘယ်လောက်အထိ မှန်ကန်နိုင်လဲ ဆိုတာကတော့ လာမယ့် ဇူလိုင် ၂၀ အရောက်မှာ သေချာစောင့်ကြည့် ရတော့မှာပါ။

Ref: motor 1.com

Exit mobile version