MyCars Myanmar

နောက်ဆုံး သောအထူးထုတ် မော်ဒယ်အဖြစ် ထွက်ရှိလာတဲ့ 2022 Ford GT LM Edition!

ပြီးခဲ့တဲ့ ၂၀၁၆ Le Mans ကားပြိုင်ပွဲကြီးမှာ နိုင်ခဲ့တဲ့ Ford GT ကားရဲ့ နောက်ဆုံးသော Special Edition အထူးထုတ် ကားကတော့ ထွက်ရှိလာခဲ့ပါပြီ။ Ford ကတော့ အထူးထုတ်ကားကို အခုဆောင်းဦး ရာသီမှာ တင် ဈေးကွက်ထဲ ပို့ဆောင်ပေးမှာဖြစ်ပြီး နှစ်ကုန်ပိုင်းလောက်မှာ ထုတ်လုပ်လို့ ပြီးနိုင်ပါတယ်။ ကားကတော့ သာမန် GT တွေထက် အတော်လေး ကွဲပြားပြီး အပြင်ပိုင်းရော အတွင်းခန်းတွေမှာပါ ထူးခြားပြီးသီးသန့် ဆန်တဲ့ အပြင်အဆင်တွေ ထည့်ပေးထားပါတယ်။ အခု GT ကားလေးကို ငွေရောင် တောက်တောက်လေး သုံးပေးထားပြီး ဝယ်သူတွေကတော့ အနီ ဒါမှမဟုတ် အပြာရောင် Accents Line တွေကို ရွေးဝယ်လို့ ရပါလိမ့်မယ်။ အဆိုပါ ကားအရောင်ကိုပဲ ကားရဲ့ အရှေ့ဘက် Splitter ပေါ်က ကာဗွန်ဖိုက်ဘာ Aerodynamic Bits နေရာတွေမှာ ဆက်သုံးပေးထား သလိုဘေးဘက် တံခါးတွေနဲ့ အနောက်ဘက် Diffuser တွေကို လည်း ဒီ အရောင်ပဲ တစ်မျိုးတည်း ထည့်ပေးထားပါတယ်။ ဒါ့အပြင် ဘေးဘက် ဘက်ကြည့်မှန်တွေနဲ့ အင်ဂျင်ဘေးလိုင်းတွေ ပတ်ပတ်လည်အထိကိုပါ တစ်ရောင်တည်းပဲ သုံးပေးထားတာ တွေ့ရမှာပါ။

Photo Credit: motor 1.com

ဘီးတွေ ကတော့ လက်မ ၂၀ အရွယ် ကာဗွန်ဖိုက်ဘာ ဘီးတွေဖြစ်ပြီး အတွင်းပိုင်း Accents တွေအနေနဲ့ ကတော့ အနီ ဒါမှမဟုတ် အပြာလေးတွေ ရွေးလို့ရမှာပါ။ Ford ကတော့ ကားဘီးတွေမှာ Titanium Lug Nuts တွေ သုံးကာ Brembo Brake Calipers တွေနဲ့လည်း တွဲဖက်ပေးထားတာကြောင့် အတော်လေးခိုင်မာတဲ့ အသွင်ကို ပေးနိုင်တာ သေချာပါတယ်။ ဒါ့အပြင် ကားရဲ့ အိတ်ဇောပိုက်တွေနဲ့ GT LM ဆိုတဲ့ အနောက်ဘက်က တံဆိပ်တွေကို 3D Print နဲ့ ဖန်တီးပြီး တိုက်တေနီယံနဲ့ပဲ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ အတွင်းခန်းမှာတော့ အပြာရောင် ဒါမှမဟုတ် အနီရောင်ကိုပဲ ဆက်သုံးပေးထားပြီး ယာဉ်မောင်းရဲ့ ထိုင်ခုံကိုတော့ ကာဗွန်ဖိုက်ဘာ အုပ်ထားတဲ့ Alcantara သားတွေ သုံးပေးထားပါတယ်။ Ford ကတော့ ခရီးသည် ထိုင်ခုံတွေကို ယာဉ်မောင်းရဲ့ ထိုင်ခုံအရောင် Accents တွေနဲ့ အတူတူဖန်တီးပြီး Ebony အသားကို သုံးပေးထား ပြန်ပါတယ်။ Dashboard တစ်ခုလုံးကိုတော့ Ebony နဲ့ Alcantara သားတွေ မျှသုံးပေးထားပြီး Headliner နဲ့ Pillars တွေမှာတော့ Alcantara သားပဲ သုံးပေးထားတာ တွေ့ရပါတယ်။ ကားရဲ့ အလယ် Console ၊ A-Pillar နေရာတွေနဲ့ အဲကွန်ပေါက်တွေနားမှာတော့ ကာဗွန်ဖိုက်ဘာ Accents တွေသုံးကာ မူလသာမန်ကားတွေကနေ လုံးဝကွဲထွက်သွားစေခဲ့ပါတယ်။

Photo Credit: motor 1.com

အဆိုပါ ကားတစ်စီးချင်းစီမှာတော့ Le Mans ပြိုင်ပွဲမှာ ပန်းဝင်ခဲ့တဲ့ No. 69 အမှတ်အသားလေးကို အမှတ်တရ ထည့်ပေးထားမှာ ဖြစ်ပါတယ်။ ဒီ ကားမှာ ထူးခြားတာကတော့ နဂိုပြိုင်ကားရဲ့ အတွင်းခန်း မော်နီတာ နေရာကို 3D Print လုပ်ပြီးမှ အဆိုပါနေရာ အရွယ်အစားအတိုင်း Instrument Cluster ကို အသစ် ထည့်ပေးထားတာပါပဲ။ ကားမှာတော့ Ford ရဲ့ 3.5 Liter EcoBoost V-6 Engine ကို သုံးပေးထားတာကြောင့် 660 hp အထိ စွမ်းဆောင် လာနိုင်ပါတယ်။ Ford အနေနဲ့ လာမယ့် ဒီဇင်ဘာ လ မှာတင်ပဲ GT ကားတွေ ထုတ်လုပ်တာကို ရပ်ဆိုင်းတော့မှာ ဖြစ်ပါတယ်။ Ford GT ကားတွေကိုတော့ ၂၀၁၅ မှာ စတင် မိတ်ဆက်ခဲ့ပြီး ၂၀၁၆ မှာထုတ်လုပ်ကာ 2017 Model အနေနဲ့ စမြင်ခဲ့ရပါတယ်။ အခု ထုတ်လုပ်မှုတွေ အဆုံးသတ်တဲ့ အခမှာ ဆိုရင်တော့ GT ကားပေါင်း ၁,၃၅၀ စီး ထုတ်လုပ်ခဲ့ပြီးဖြစ်ကာ အခု အထူးထုတ် ကားအစီးရေ ၂၀ လည်း ပါဝင်ထားပြီး ဖြစ်ပါတယ်။ ကားသစ်တွေကို‌တော့ မကြာမှီမှာ အကြိုမှာယူမှုတွေ ပြုလုပ်နိုင်တော့မှာပါ။

Ref: motor 1.com

Exit mobile version